News

POST TYPE

LATEST NEWS POST

မုန်တိုင်းငယ်အရှိန်ကြောင့် ရန်ကုန်နှင့် ဒေသအချို့ မိုးရွာမည်
09-Nov-2018

ရန်ကုန်၊ နိုဝင်ဘာ ၈

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်လာနိုင်သည့် မုန်တိုင်းငယ်အရှိန်ကြောင့် ရန်ကုန်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

နိုဝင်ဘာလ ၈ ရက်နေ့တိုင်းထွာချက်များအရ ထိုင်းပင်လယ်ကွေ့တွင် လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်နေပြီး ယင်းလေဖိအားနည်းရပ်ဝန်းသည် နိုဝင်ဘာလ ၉ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းသို့ ရောက်ရှိလာကာ မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိနိုင်ကြောင်း အဆိုပါဌာနထံမှ သိရသည်။

အဆိုပါမုန်တိုင်းငယ်သည် အိန္ဒိယနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားနိုင်ခြေရှိသည်ဟု ကနဦးခန့်မှန်းထားသော်လည်း လေထုဖိအားပြောင်းလဲနိုင်မှုအခြေအနေတို့ကြောင့် သတိထားစောင့်ကြည့်ရန် လိုအပ်ကြောင်း ရာသီဥတုအခြေအနေ လေ့လာစောင့်ကြည့်သူများက သုံးသပ်ပြောဆိုသည်။ 

ယင်းအရှိန်ကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နောက်နှစ်ရက်အတွင်း နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားသည်။

ထို့ပြင် မုန်တိုင်းငယ်၏အရှိန်ကြောင့် မုတ္တမကွေ့၊ မွန်- တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ရာ မုတ္တမကွေ့၊ မွန် - တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းအမြင့် ၆ ပေမှ ၉ ပေခန့်အထိ ရှိနိုင်ကြောင်း အဆိုပါဌာနက သတိပေးထားသည်။

E-03