News

POST TYPE

LATEST NEWS POST

ဖမ်းဆီးသစ်များ လေလံတင်ရောင်းမည်
28-Oct-2018
ကလေး၊ အောက်တိုဘာ ၂၈

စစ်ကိုင်းတိုင်း ကလေးခရိုင်အတွင်းရှိ မြို့နယ်သုံးမြို့နယ်မှ ဖမ်းမိထားသည့်သစ်များကို လေလံတင်ရောင်းမည်ဖြစ်ကြောင်း ကလေးခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဦးမြင့်ဟန်က ပြောကြားသည်။

၂၀၁၇ ခုနှစ်အတွင်းက ကလေးမြို့၊ ကလေးဝမြို့နှင့် မင်းကင်းမြို့နယ်အတွင်းမှ ဖမ်းဆီးရမိထားသည့်သစ်များဖြစ်သော ကျွန်းသစ် ၆၃၉ လုံး၊ ၁၇၂ ဒသမ ၅၁၇ တန်၊ ကျွန်းခွဲသား ၂၅၁၈ ချောင်း ၉၆ ဒသမ ၃၆၂၁ တန်၊ သစ်မာသစ်လုံး ၂၂၂ လုံး ၁၀၁ ဒသမ ၇၀၈၉ တန်၊ သစ်မာခွဲသား ၁၄၉၃၁ ချောင်း၊ ၄၇၉ ဒသမ ဝ၅၆၃ တန် စုစုပေါင်း ၈၄၉ ဒသမ ၆၄၄၃ တန်ကို လေလံတင် ရောင်းချမည်ဖြစ်ကြောင်း သစ်တောဦးစီးဌာနထံမှ သိရသည်။

အဆိုပါရောင်းချမှုကို အောက်တိုဘာလ ၃၀ ရက်၌ ကလေးခရိုင်သစ်တောဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူးရုံး၌ ပြုလုပ်မည်ဖြစ်သည်။

“အမှုပြီးပြတ်ပြီးတော့မှ မြန်မာ့သစ်လုပ်ငန်းက မယူတဲ့သစ်တွေကို ပုံစံ (၈) စာရင်းရေးသွင်းပါတယ်။ စာရင်းရေးသွင်းထားတဲ့သစ်တွေကို ဈေးပြိုင်စနစ်နဲ့ လေလံပစ်မှာ ဖြစ်ပါတယ်”ဟု လက်ထောက်ညွန်ကြားရေးမှူး ဦးမြင့်ဟန်က ပြောဆိုသည်။

အဆိုပါသစ်များကို နေအိမ်ဆောက်လုပ်လိုသူများအနေဖြင့် လေလံလာရောက်ဆွဲနိုင်ပြီး နေအိမ်ဆောက်လုပ်မည်မှာမှန်ကန်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက်၊ သစ်ခွဲသားလိုအပ်မှုတွင် အင်ဂျင်နီယာများ၏ တွက်ချက်ထားမှုများ၊ မြေပိုင်ဆိုင်မှု အထောက်အထားနှင့် အိမ်ထောင်စုစာရင်း၊ မိတ္တူတို့ကိုတင်ပြပြီး လေလံဆွဲဝယ်ယူနိုင်မည်ဖြစ်သည်။

ယခုလေလံပွဲပြီးပါက ၂၀၁၈ ခုနှစ်အတွင်း ဖမ်းဆီးရမိခဲ့သည့်သစ်များကို ထပ်မံ လေလံတင် ရောင်းချမည်ဖြစ်ကြောင်း ကလေးခရိုင်၊ သစ်တောဦးစီးဌာနမှ သိရသည်။

R-20