News

POST TYPE

LATEST NEWS POST

သီတင်းကျွတ်ပိတ်ရက် ချောင်းသာကမ်းခြေသို့ လာရောက်သူလျော့
26-Oct-2018



ပုသိမ်၊ အောက်တိုဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်ရှိ ချောင်းသာကမ်းခြေသို့ သီတင်းကျွတ်ပိတ်ရက်တွင် ခရီးသွားဧည့်သည်ဝင်ရောက်မှု ယခင်နှစ်ကထက် လျော့နည်းခဲ့ကြောင်း ချောင်းသာဟိုတယ်ဇုန်ရုံးမှ စုံစမ်းသိရှိရသည်။

သီတင်းကျွတ်ကာလ ပိတ်ရက်များအတွက် ဟိုတယ်များ၌ ဘိုကင်လုပ်ထားသူများ ပြည့်နေခဲ့သော်လည်း ဧရာဝတီတိုင်းသို့ မုန်တိုင်းဝင်မည်ဆိုသည့် သတင်းကြောင့် အမှန်တကယ်လာရောက်သူမှာ လေးပုံတစ်ပုံခန့်လျော့နည်းသွားကြောင်း ချောင်းသာဟိုတယ်ဇုန်ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါပိတ်ရက်များမတိုင်မီက ကမ်းခြေသန့်ရှင်းသာယာရေး၊ ဈေးသည်များ စနစ်တကျရောင်းချရေးတို့အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားသော်လည်း သီတင်းကျွတ်ပိတ်ရက်တွင် ဧည့်သည်အဝင်မှာ လျော့ကျသွားခဲ့ကြောင်း ချောင်းသာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောကြားသည်။

“သီတင်းကျွတ်မှာ ပိတ်ရက်တွေ ရှိနေတော့ အားခဲထားကြတာပေါ့နော်။ မုန်တိုင်းသတင်းလည်းကြားရော ဧည့်သည်အဝင်က မနှစ်ကထက် အများကြီးလျော့သွားတာ။ ထင်သလောက် ဧည့်သည်မရကြတဲ့ သဘောပေါ့”ဟု ချောင်းသာကမ်းခြေမှ တည်းခိုခန်းလုပ်ငန်းလုပ်ကိုင်သူ ဒေါ်အေးအေးအောင်က ပြောဆိုသည်။

ယခင်က သီတင်းကျွတ်ကာလပိတ်ရက်များတွင် ကမ်းခြေရှိဟိုတယ်နှင့် တည်းခိုခန်းများပါပြည့်ရုံမျှမက ရွာထဲရှိ နေအိမ်များ၌ပါ တည်းခိုသူ များပြားခဲ့သော်လည်း ယခုနှစ်တွင်မူ မုန်တိုင်းသတင်းကြောင့် ယခင်နှစ်ကထက် ဧည့်သည်ဝင်ရောက်မှုလျော့ကျခဲ့ကြောင်း၊ ချောင်းသာကမ်းခြေတွင် ဟိုတယ် ၂၇ လုံး၊ တည်းခိုခန်းအလုံး ၄၀ ကျော် တည်ရှိပြီး တစ်ပြိုင်တည်း လူဦးရေ ၁၈၀၀၀ ကျော် တည်းခိုနိုင်ကြောင်း ချောင်းသာမြို့အုပ်ချုပ်ရေးမှူးရုံးမှ စုံစမ်းသိရှိရသည်။ 

R-11