News

POST TYPE

LATEST NEWS POST

Great Well ဖိနပ်စက်ရုံပိုင်ရှင်ကို တရားစွဲရန် အစိုးရထံ ခွင့်ပြုမိန့်တောင်းခံ
26-Oct-2018

ရန်ကုန်၊ အောက်တိုဘာ ၂၅

လစာမပေးသည့် Great Well ဖိနပ် စက်ရုံပိုင်ရှင်ကို တရားစွဲရန် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေထံ ခွင့်ပြုမိန့်တောင်းခံထားသဖြင့် အမြန်ဆုံးခွင့်ပြုရန် အောက်တိုဘာလ ၂၅ ရက်က အဆိုပါစက်ရုံမှ လုပ်ခလစာမရသည့် အလုပ်သမားများ သတင်းစာရှင်းလင်းပွဲလုပ်ကာ တိုက်တွန်းခဲ့သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲကို လှိုင်သာယာမြို့နယ် ဝါးတရာကျေးရွာတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ခွင့်ပြုမိန့်ကို အောက်တိုဘာလ ပထမပတ်က တင်ပြထားခြင်းဖြစ်သည်။

“ပြည်ထောင်စုဝန်ကြီးဆီ စာတင်ထားတယ်။ အဲဒါကို အမြန်ဆုံးကျအောင်လို့ တိုင်းအစိုးရအဖွဲ့ဝန်ကြီး ဦးဇော်အေးမောင်ကလည်း တိုက်တွန်းမယ်လို့ ပြောထားတယ်။ အဲဒီ ဆုံးဖြတ်ချက်ပေါ်မူတည်ပြီး ကျွန်တော်တို့ ဆက်လုပ်ပါမယ်”ဟု အဆိုပါစက်ရုံမှလစာမရသည့် အလုပ်သမား ကိုဇော်မင်းသန်းက ဆိုသည်။

အောက်တိုဘာလ ၂၂ ရက်က အဆိုပါစက်ရုံမှ အလုပ်သမား ၇၆ ဦး သည် ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးသို့ သွားရောက်အကူအညီတောင်းခံခဲ့ရာ ရန်ကုန်တိုင်းအလုပ်သမားဝန်ကြီး ဦးဇော်အေးမောင်က အလုပ်သမားများ အလုပ်ပြန်ရရန် ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း ဦးစားပေးဆောင်ရွက်ပေးမည်ဟု ကတိကဝတ်ပြုခဲ့ကြောင်း အလုပ်သမားများက ပြောကြားသည်။

လုပ်ခလစာမရရှိသည့်အလုပ်သမား ၇၆ ဦးသည် လှိုင်သာယာမြို့နယ် ညှိနှိုင်းဖျန်ဖြေရေးရုံးတွင် ၁၀ ကြိမ်၊ တိုင်းအဆင့် ညှိနှိုင်းဖျန်ဖြေရေးရုံးတွင် ၃ ကြိမ် ညှိနှိုင်းသော်လည်း ပြေလည်မှုမရခဲ့ပေ။

အဆိုပါစက်ရုံသည် ၂၀၀၈ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး အလုပ်သမား ၃၀၀ ကျော် လုပ်ကိုင်လျက်ရှိရာ ယခုနှစ် ဇူလိုင်လက ဖိနပ်အောက်ခံ ထုတ်လုပ်သည့်ဌာနနှင့် ဖိနပ်အပြီးသတ်ထုတ်သည့်ဌာနမှ အလုပ်သမား ၂၂ ဦးကို အလုပ်မရှိသောကြောင့် လစာမပေးခဲ့ကြောင်း၊ ထိုမှတစ်ဆင့် ဩဂုတ်လနှင့် စက်တင်ဘာလတွင် အဆိုပါ အလုပ်သမားများအပါအဝင် အလုပ်သမား ၇၆ ဦး လစာမရခဲ့ကြောင်း အလုပ်သမားများထံမှ သိရသည်။

J-18