News

POST TYPE

LATEST NEWS POST

ဆန်တစ်အိတ် ကျပ်တစ်ထောင်ခန့်ဈေးကျ
23-Oct-2018

ရန်ကုန်၊ အောက်တိုဘာ ၂၃

ယခုလအတွင်း အသစ်ထွက်ပေါ်သည့် ၂၅ မှတ်၊ ၁၅ မှတ်ဆန်တစ်အိတ်လျှင် ယခုသီတင်းပတ်အတွင်း ကျပ်တစ်ထောင်ခန့် ဈေးကျဆင်းသွားကြောင်း ဘုရင့်နောင်ဆန်စပါးကုန်စည်ဒိုင်ထံမှ သိရသည်။

၂၅ မှတ် ၁၀၈ ပေါင်တစ်အိတ်လျှင် ၂၁,ဝ၀ဝ ကျပ်မှ ၂၀,ဝ၀ဝ၊ ၁၅ မှတ်ဆန်တစ်အိတ်လျှင် ၂၂,ဝ၀ဝ မှ ၂၁,ဝ၀ဝ၀၊ ပေါ်ဆန်းသစ်တစ်အိတ်လျှင် ၄၇,ဝ၀ဝမှ ၄၆,ဝ၀ဝ၊ ရက် ၉၀ ဆန်တစ်အိတ်လျှင် ၂၆,ဝ၀ဝမှ ၂၅,၂၀ဝ ဝန်းကျင်အထိ ဈေးကျသွားကြောင်း ယင်းကုန်စည်ဒိုင်မှ သိရသည်။

ဘုရင့်နောင်ဆန်စပါးကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက “ဆန်အသစ်တွေက ပြီးခဲ့တဲ့အပတ်ကထက် တစ်အိတ်ကို တစ်ထောင်လောက်ကျတယ်။ ဝယ်သူအကြိုက် ဈေးလိုက်ရောင်းနေရတယ်။ ဆန်အဟောင်းတွေလည်း အရောင်းအဝယ်အေးတယ်။ ဒါပေမဲ့ ဈေးကိုချမရောင်းဘူး။ လက်ရှိပေါက်ဈေးကိုပဲ ထိန်းရောင်းနေတယ်” ဟု ပြောကြားသည်။

ဆန်အသစ်ဈေးနှုန်းများကျဆင်းရခြင်းမှာ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆန်အိတ်အဝင်များခြင်း၊ ဆန်အသစ်များတွင် အစိုဓာတ်များခြင်းတို့ကြောင့် ကြာရှည်ထား၍မရဘဲ ဈေးလျှော့ရောင်းချရခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ဆန်ကုန်သည် ဦးထွန်းအောင်က “အခုဆန်အသစ်တွေကလည်း ရာသီဥတုကြောင့် အစိုဓာတ်တွေများတော့ အထားမခံတဲ့အတွက် သူတို့ဆစ်တဲ့ဈေးနဲ့ တွန်းရောင်းနေရတယ်။ တရုတ်ကလည်း ဆန်အဝယ်ရပ်ထားတော့ မူဆယ်ကိုရောင်းဖို့ပို့ထားတဲ့ ဆန်တွေတောင် ပုံနေတယ်ဆိုတော့ ဆန်အသစ်တွေထပ်မပို့ရဲဘူး” ဟု ဆိုသည်။

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ သီတင်းကျွတ်ကာလမတိုင်မီက တစ်ရက်လျှင် ဆန်အိတ်ခုနစ်သောင်းခန့် ဝင်ရောက်ပြီး ယခု သီတင်းကျွတ်ကာလပိတ်ရက်တွင်ပင် တစ်ရက်လျှင် ဆန်အိတ်နှစ်သောင်းခန့် ဝင်ရောက်ကြောင်း ဘုရင့်နောင်ဆန်စပါးကုန်စည်ဒိုင်ထံမှ သိရသည်။

J-11