News

POST TYPE

LATEST NEWS POST

အောင်​လံတွင်​ မြို့ဂုဏ်​ထူး​ဆောင်​ဆု​ပေးအပ်​မည်
23-Oct-2018

မ​ကွေး၊ ​အောက်​တိုဘာ ၂၂

မ​ကွေးတိုင်းဒေသကြီး၊ ​အောင်​လံ မြို့တွင်​ ၂၀၁၉ ဇန်​နဝါရီလမှ စတင်​ကာ မြို့ဂုဏ်​ထူး​ဆောင်​ဆု​ပေးအပ်​ချီးမြှင့်သွားမည်​ဖြစ်ကြောင်း ​ဦးဆောင်စီစဉ်သူရှေ့နေ ဦး​ဇော်​မြင့်က ​ပြောကြားသည်​။

အဆိုပါ ဆု​ပေးအပ်​ရန်​အတွက်​ ​အောက်​တိုဘာလ ၂၁ ရက်​​နေ့က ​အောင်​လံမြို့​ရှိ ဆရာ​တော်​ကြီးများ၊ ရပ်ကွက်အုပ် ချုပ်ရေးမှူးများ၊ ပရဟိတအဖွဲ့အစည်းများနှင့် ​ဒေသခံပြည်သူများပူး​ပေါင်းကာ ဆု​ပေးအပ်​​ရေး ကော်​မတီကို ဖွဲ့စည်းခဲ့သည်​။

မြို့ဂုဏ်​ထူး​ဆောင်​ဆု​ပေးအပ်​ချီးမြှင့်ရာတွင်​ ​အောင်​လံမြို့မှ ​ရှေ့​နေတစ်​ဦးဖြစ်သူ ဦး​ဇော်​မြင့်တစ်​ဦးတည်းကသာ ​ငွေ​ကြေစိုက်​ထုတ်​ကျခံသွားမည်​ဖြစ်​​ကြောင်း အဆိုပါ​ ကော်မတီထံမှ သိရသည်​။

“အခုလိုမြို့ဂုဏ်​ထူး​ဆောင်​ဆု​ပေးဖို့ ရည်​ရွယ်​တာက သမိုင်းတစ်​ခုကျန်​ခဲ့ချင်​လို့လုပ်​တာ။ လက်​​တွေ့ကျကျ မြို့အတွက်​ အနစ်နာခံပြီး ​ဆောင်​ရွက်​ခဲ့သူ​တွေကို​ပေးမှာပါ” ဟု မြို့ဂုဏ်​ထူး​ဆောင်​ဆု​ပေးအပ်​​ရေး​ကော်​မတီဝင်​ ဦး​ဇော်​မြင့်က ​ပြောဆိုသည်​။

အဆိုပါဆု​ပေးအပ်​ရာတွင်​ မိမိမြို့အ​ပေါ် အမှန်​တကယ်​ကိုယ်​ကျိုးစွန့်သူများ၊ မြို့အ​ပေါ် မှတ်​တမ်းတင်​​လောက်​သည့် အလုပ်​အကျွေးပြုသူများကိုသာ ​ပေးအပ်​မည်​ဖြစ်​ပြီး၊ ဆုရရှိသူများကိုလည်း အနည်းဆုံးကျပ်​​ငွေ တစ်​သိန်းနှင့် ဖလားဆု ချီးမြှင့်မည်​ဖြစ်​ပြီး ​နောက်​ပိုင်းကာလများတွင်​ ​ရွှေသားဆုများပါ ​ပေးအပ်​ရန်​ရည်​ရွယ်ထား​ကြောင်း ​၎င်းကဆက်လက်ပြောကြားသည်။ 

“အခုလို​ပေးအပ်​မယ်​ဆိုရင်​ လူငယ်​​တွေနဲ့ ပြည်​သူ​တွေက ကဏ္ဍ​ပေါင်းစုံကြိုးစားချင်​စိတ်​​တွေ ဖြစ်​လာမယ်​။ မြို့ပေါ်လူထုကလည်း ဝိုင်းကူညီကြမယ်​လို့​ပြောတယ်​။ ဝမ်းလည်းသာနေကြတယ်”ဟု ​အောင်လံမြို့မှ ဦးသန့်ဇင်​က ဆိုသည်​။

အဆိုပါ မြို့ဂုဏ်​ထူး​ဆောင်​ဆု​ပေး အပ်​ရန်​အတွက်​ ​အောင်​လံမြို့နယ်​ရှိ ဗဟို ဦး​ဆောင်​နာယကဆရာ​တော်​ ၇ ပါး၊ အကဲ ဖြတ်​ဒိုင်​ ၁၅ ဦးနှင့် ရပ်​ကွက်​အသီးသီးမှ ဆု​ရွေးချယ်​တင်​​မြှောက်​ပေး​ရေးအဖွဲ့ဝင်​ ၂၃ ဦးဖြင့် ကော်မတီကိုဖွဲ့စည်းခဲ့​သည်။ 

R-23