News

POST TYPE

LATEST NEWS POST

စစ်ကိုင်းစည်တော်ကြီး ၈၀ ရာခိုင်နှုန်းကျော် ထွင်းထုပြီးစီး
23-Oct-2018



ကလေး၊ အောက်တိုဘာ ၂၂ 

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ လက်ပံကုန်းကျေးရွာတွင် ထွင်းထုနေသည့် အလျား ၁၁ ပေ နီးပါးရှိ စည်တော်ပြုလုပ်နေမှု ၈၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း စည်တော်ထွင်းထုနေသည့် ဆရာပွဲမြန်မာ့တူရိယာ အမျိုးမျိုးရောင်းဝယ်ရေးမှ ဦးမျိုးညွန့်က ပြောကြားသည်။ 

ကုက္ကိုသားဖြင့် ပြုလုပ်နေသည့် အလျား ၁၀ ပေ ၈ လက်မ၊ ထိပ်ဝတစ်ဖက် (စည်မျက်နှာပြင်) အကျယ်ငါးပေ၊ လေးလက်မရှိ စည်တော်ကို ၂၀၁၈ ခုနှစ် မတ်လအတွင်းမှ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယင်းစည်တော်ပြီးစီးပါက မြန်မာနိုင်ငံရှိ စည်တော်များအနက် အကြီးဆုံးစည်တော်တစ်ခုဖြစ်လာနိုင်ဖွယ်ရှိပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်း ထွင်းထုပြီးစီးမည်ဖြစ်ကြောင်း ဦးမျိုးညွန့်က ရှင်းပြသည်။ 

စည်တော်ကြီး ထိပ်နှစ်ဖက် (စည်မျက်နှာ) အဝကို နွားသားရေဖြင့်ကြက်၍ ထိပ်ဝနှစ်ဖက်စလုံးကို ထိပ်ဝမှ သုံးပေစီအကွာထိ စည်မျက်နှာပြင်နှင့် တစ်ဆက်တည်း သားရေဖုံးအုပ်မည်ဖြစ်ကြောင်း၊ ထိပ်ဝနှစ်ဖက်သားရေဖုံးအုပ်ပြီး ကျန်သည့်အလယ်နေရာ သစ်သားစည်နေရာအပြင် မျက်နှာပြင်၌ မြတ်စွာဘုရား၏ ၁၀၈ ကွက် ဗုဒ္ဓခြေတော်စက်လက္ခဏာကို နတ်သားလေးပါးကို ပူဇော်နေသည့်ပုံ ထွင်းထုထားပြီး စည်တော်၏ အတွင်းမျက်နှာပြင်ကို ဗုဒ္ဓမြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် တရားဂုဏ်တော်များကို ရေးထွင်းမည်ဖြစ်သည်။ 

ယင်းစည်တော်ထွင်းထုမှု ပြီးဆုံးပါက မည်သည့်နေရာတွင် ထားရှိသွားမည်ဆိုသည်ကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်းကာ ထားရှိမည်ဖြစ်ကြောင်း၊ စည်တော်ထွင်းထုမှု ကုန်ကျစရိတ်အနေနှင့် စုစုပေါင်းငွေကျပ် သိန်း ၆၀ ခန့်ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း ဦးမျိုးညွန့်က ပြောဆိုသည်။

R-20