News

POST TYPE

LATEST NEWS POST

နိုင်ငံခြားဘာသာတက္ကသိုလ်ဝင်ခွင့်မရသူများ ထပ်မံလျှောက်နိုင်မည်
23-Oct-2018

ရန်ကုန်၊ အောက်တိုဘာ ၂၂

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်နှင့် မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်တို့တွင် ဝင်ခွင့်လျှောက်ထားပြီး ဘာသာရပ်ကိုက်ညီမှုမရှိ၍ ဝင်ခွင့်မရသူများ ကျောင်းတက်ခွင့်ပြန်လျှောက်ထားနိုင်ကြောင်း ယင်းတက္ကသိုလ်များက အောက်တိုဘာ ၂၂ ရက်တွင် ကြေညာသည်။

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်က “ဆရာတို့ကျောင်းကို လျှောက်ထားတယ်။ ဝင်ခွင့်လည်းဖြေထားတယ်။ မေဂျာသုံးခုလျှောက်တော့ မပါကြဘူး။ အမှတ်မမီတာလည်းမဟုတ်ဘူး။ အနိမ့်ဆုံးဝင်သွားတဲ့ ၄၂၂ မှတ်ထက်လည်း များတယ်။ အဲဒီလူ တွေက ၁၃၀၀ ကျော်ရှိတယ်။ ဝင်ခွင့်ရပြီး ကျောင်းလာမအပ်တဲ့သူရှိတယ်” ဟု ပြောကြားသည်။

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်အနေနှင့် ဘာသာရပ် ၈ ခုအတွက် ကျောင်းသားဦးရေ ၈၀၀ လက်ခံမည်ဖြစ်ပြီး ကျောင်းတက်ခွင့်ရသူများ ပြီးခဲ့သည့်လအတွင်းက ထုတ်ပြန်ခဲ့ပြီးသော်လည်း လက်ရှိတွင် ကျောင်းလာအပ်သူ ၅၆၃ ဦးသာ ရှိသေးကြောင်း ဒေါက်တာကြည်ရွှင်က ဆိုသည်။

ဇွန်လအတွင်းက ကျောင်းဝင်ခွင့်လျှောက်ထားပြီး၊ လူတွေ့စစ်ဆေးမှုခံယူပြီး ဖြစ်သူများတက္ကသိုလ်ပထမနှစ် ပြန်လျှောက်ခွင့်ရမည်ဖြစ်ပြီး ပထမအကြိမ်လျှောက်သည့် ဦးစားပေးဘာသာရပ်များမှလွဲ၍ ကျန်ဘာသာရပ်များအနက် တက်လိုသည့်ဘာသာရပ်ကို ဦးစားပေးလျှောက်ရမည်ဖြစ်သည်။

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ထပ်လျှောက်ရာတွင် ဆယ်တန်းရမှတ် ၄၂၂ မှတ်ရထားပြီး အင်္ဂလိပ်စာအထူးပြုလျှောက်ထားသူများသည် ဆယ်တန်းစာမေးပွဲ အင်္ဂလိပ်စာရမှတ် ၆၅ မှတ် အနည်းဆုံးရရမည်ဖြစ်သည်။ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် ဝင်ခွင့်ပြန်လျှောက်သူများသည် ဦးစားပေးဘာသာရပ် ၃ ခု လျှောက်ခွင့်ရှိမည်ဖြစ်သည်။

လျှောက်သူများသည် လူတွေ့စစ်ဆေးမှု ထပ်မံဖြေဆိုရမည်မဟုတ်ဘဲ ပထမအကြိမ်ဖြေဆိုထားသည့် စစ်ဆေးမှုရမှတ်နှင့် ဆယ်တန်းစာမေးပွဲစုစုပေါင်းရမှတ် အနည်းအများအလိုက် ဝင်ခွင့်ရရှိမည်ဖြစ်သည်။ အောက်တိုဘာလ ၂၆ ရက်မှ နိုဝင်ဘာလ ၉ ရက်အတွင်း ဝင်ခွင့်ပြန်လည်လျှောက်ထားရမည်ဖြစ်သည်။

ဝင်ခွင့်ရသူစာရင်းကို နိုဝင်ဘာလ ၁၁ ရက်တွင် Yangon University of Foreign Language နှင့် Mandalay University of Foreign Language ဖေ့စ်ဘွတ်ခ်စာမျက်နှာများနှင့် ကျောင်းအလိုက် သင်ပုန်းများတွင် ကြေညာမည်ဖြစ်ကြောင်း အဆိုပါနိုင်ငံခြားဘာသာ တက္ကသိုလ်များထံမှ သိရသည်။

J-19