News

POST TYPE

LATEST NEWS POST

သီတင်းကျွတ်ကာလ လွိုင်ကော်တွင် ဟိုတယ်၊မိုတယ်များ အခန်းလက်ကျန်မရှိဟုဆို
22-Oct-2018


တောင်ငူ၊ အောက်တိုဘာ၂၂

ကယားပြည်နယ်၊ လွိုင်ကော်မြို့နှင့်အနီးတစ်ဝိုက်ဒေသများကို ခရီးသွားများ လာရောက်လည်ပတ်မှု များပြားသည့်အတွက် သီတင်းကျွတ်ကာလ ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်းများတွင် အခန်းလက်ကျန်မရှိဖြစ်နေကြောင်း ခရီးသွားလာရေးကုမ္ပဏီများနှင့် ဟိုတယ်များထံမှသိရှိရသည်။

လွိုင်ကော်မြို့ Famous Hotel မှ တာဝန်ကျဝန်ထမ်းတစ်ဦးက “အခန်းဘိုကင်တွေက လွန်ခဲ့တဲ့တစ်လကျော်လောက်ကတည်းက ကုန်သွားတာပါ။ အထူးသဖြင့် အခုလာမယ့် ၂၃ ရက်၊ ၂၄ ရက် အထိ အခန်းလက်ကျန်မရှိပါဘူး။ လည်စရာ ပတ်စရာ နေရာများပြီး နယ်မြေဒေသ အေးချမ်းလာတာကလည်း ခရီးသွားများတဲ့ အချက်တစ်ချက်ဖြစ်မှာပါ”ဟု ပြောသည်။

လွိုင်ကော်-မယ်ဟောင်ဆောင် နယ်စပ်ကုန်သွယ်ရေး ဝင်ပေါက်ကို လွန်ခဲ့သည့် တစ်နှစ်ကျော်က စတင်ဖွင့်လှစ်ခဲ့ပြီး ထိုင်းခရီးသွားအချို့နှင့် ပြည်ပခရီးသွားဧည့်သည်အချို့ ချိတ်ဆက်ဝင်ရောက်မှု အနည်းငယ်ရှိသော်လည်း အဓိကမှာ ပြည်တွင်းခရီးသွား ဧည်သည်နှင့် ပြည်တွင်းမှ ဝင်ရောက်သည့် ပြည်ပ ခရီးသွားများသာဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

လွိုင်ကော်မြို့သို့ ပြီးခဲ့သည့် ၂၀၁၇ အတွင်းက ပြည်တွင်း ခရီးသွားဧည့်သည် ၃၃၄၉၂ ဦး၊ ပြည်ပ ခရီးသွားဧည့်သည် ၈၉၇၅ ဦး လာရောက်လည်ပတ်ခဲ့ပြီး ယခုနှစ် စက်တင်ဘာလအထိ ပြည်တွင်း ခရီးသွားဧည့်သည် ၄၄၄၃၄ ဦးနှင့် ပြည်ပခရီးသွားဧည်သည့် ၆၉၇၄ ဦး အဝင်ရှိခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ညွန်ကြားမှုဦးစီးဌာန ပြည်နယ်ရုံးမှ သိရှိရသည်။

ကယားပြည်နယ်အတွင်း ထီးပွင့်ကန်၊ ဘုံခုနစ်ဆင့်၊ တောင်ကွဲစေတီ၊ ငွေတောင်ဆည်၊ ဒီမော့ဆိုမြို့နယ်အတွင်းရှိ ကယန်းတိုင်းရင်းသားကျေးရွာ၊ ကြတ်ဂူနှင့် ထီးဆဲခါး ရေတံခွန် စသည့်နေရာများသို့ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်လေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။

လွိုင်ကော်မြို့သို့ အောက်တိုဘာ၂၁ ရက်က ရောက်ရှိခဲ့သော်လည်း မြို့တွင်း ဟိုတယ်အချို့ အခန်းမကျန်သဖြင့် လွိုင်ကော်လေယာဉ်ကွင်းနားရှိ ဟိုတယ်တစ်ခု၌ တည်းခိုခဲ့ရပြီး လက်ရှိမိုးရွာသွန်းမှုများသဖြင့် လည်ပတ်ရန်အခက်အခဲရှိနေကြောင်း လွိုင်ကော်သို့ ရောက်ရှိလည်ပတ်နေသူ ဦးအေးကျော်က ပြောကြားသည်။

R-15