News

POST TYPE

LATEST NEWS POST

စုကြေး အကြွေးတင်နေသည့် အမျိုးသမီးကို ပြည့်တန်ဆာ လုပ်ခိုင်းရန် ကြံစည်သူများကို အမှုဖွင့်
22-Oct-2018

ရန်ကုန်၊ အောက်တိုဘာ ၂၁

မဲစုကြေး အလုပ်လုပ်ကိုင်ရာမှ အကြွေးများတင်နေသည့် အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ပြည့်တန်ဆာ အလုပ်လုပ်ကိုင်ပါက တစ်လျှင် ကျပ်သိန်း ၂၀ ရမည်ဟု မက်လုံးပေး ပြောဆိုစည်းရုံးပြီး ငွေကြေးအကျိုးအမြတ်များ ရယူကာ ပြည့်တန်ဆာအလုပ် စေခိုင်းရန် ကြံစည်သူများကို အောက်တိုဘာလ ၁၉ ရက် ညပိုင်းက တာမွေမြို့မရဲစခန်းတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေဖြင့် အမှုဖွင့် အရေးယူထားသည်။

ပြည့်တန်ဆာအဖြစ် စေခိုင်းရန် ကြံစည်ခံရသူအမျိုးသမီးမှာ လှိုင်သာယာမြို့နယ်တွင် နေထိုင်သူဖြစ်ကြောင်း၊ ၎င်းမှာ အွန်လိုင်းမှ မဲစုကြေး အလုပ်လုပ်ကိုင်နေစဉ် အကြွေးများ တင်နေခဲ့သောကြောင့် ခင်မင်ရင်းနှီးသူ အမျိုးသားတစ်ဦးထံ အကူအညီတောင်းဆိုခဲ့ကြောင်း၊ ယင်းအမျိုးသား၏ အဆက်အသွယ်ဖြင့် ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် နေထိုင်သူ မမေသဇင်ဆိုသူနှင့် သိရှိခဲ့ပြီးနောက် ၎င်းအား ပြည့်တန်ဆာအလုပ် တစ်လခန့် လုပ်ကိုင်ပါက ငွေကျပ် သိန်း ၂၀ ရရှိမည်ဖြစ်ကြောင်း ပြောဆိုသဖြင့် သဘောတူခဲ့ကြောင်း တိုင်ကြားချက်အရ သိရသည်။

ယင်းနောက် မမေသဇင်က ၎င်းကို တာမွေမြို့နယ်၊ အရိုးကုန်းလမ်းရှိ အသက် ၄၂ နှစ် ဒေါ်နီလာ၏ နေအိမ်သို့ ပို့အပ်ခဲ့ပြီး ငွေကျပ်တစ်သိန်းကို မမေသဇင်က ထုတ်ယူသွားကြောင်းနှင့် နောက်တစ်နေ့တွင် ဒေါ်နီလာက ၎င်းကို တာမွေမြို့နယ်၊ အင်းဝလမ်းရှိ အသက် ၄၃ နှစ် ဒေါ်ခင်မာရီ (ခ) ကြီးမေဆိုသူ၏ နေအိမ်ထံ ပို့အပ်၍ လူပို့ပေးခငွေ ကျပ်တစ်သိန်း ထုတ်ယူသွားသည်ကို မြင်တွေ့ခဲ့ကြောင်း အမှုဖွင့် တိုင်ကြားချက်အရ ရဲအရာရှိက ပြောသည်။

“ပြည့်တန်ဆာခေါင်း ဒေါ်ခင်မာရီက သူ့ဆီလာပို့တဲ့ အမျိုးသမီးကို သဘောမကျလို့ အိမ်လာပို့တဲ့ ဒေါ်နီလာဆီ ဖုန်းဆက်ခေါ်ပြီး ပြန်အပ်လိုက်တယ်။ ဒေါ်နီလာတို့ မေသဇင်တို့က ပြည့်တန်ဆာအလုပ် လုပ်မယ့် အမျိုးသမီးကို မဇင်ဇင်ဆိုသူနဲ့ ချိတ်ဆက်ပေးပြီး တာမွေ၊ စိတ္တသုခလမ်းမှာရှိတဲ့ ပြည့်တန်ဆာနေအိမ်ကို ထပ်ပို့တယ်။ လူပို့ခ ကျပ်တစ်သိန်းပါ ထုတ်ယူသွားတယ်။ အဲ့ဒီအချိန်မှာ ရဲတပ်ဖွဲ့က ဒေါ်နီလာကို လူကုန်ကူးမှုနဲ့ ဖမ်းဆီးရမိခဲ့ပြီး ဖြစ်တာကြောင့် စိတ္တသုခလမ်းက ပြည့်တန်ဆာနေအိမ်ရောက်ရှိနေတဲ့ အမျိုးသမီးကို နေ့ချင်းမှာပဲ ကယ်ထုတ်နိုင်ခဲ့တယ်”ဟု ရဲအရာရှိက ရှင်းပြသည်။

အဆိုပါဖြစ်စဉ်မှ ငွေကြေးအခက်အခဲဖြစ်နေသည့် အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို မက်လုံးပေး ပြောဆိုစည်းရုံးပြီး ပြည့်တန်ဆာအလုပ် စေခိုင်းရန် ကြံစည်၍ ငွေကြေးအကျိုးအမြတ်များ ရယူမှုဖြင့် အမျိုးသမီးငါးဦးနှင့် အမျိုးသား တစ်ဦးတို့ကို တာမွေမြို့မရဲစခန်းက လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် အမှုဖွင့် အရေးယူခဲ့ပြီး ယင်းအမှုမှ ဒေါ်နီလာနှင့် ဒေါ်ခင်မာရီ (ခ) ကြီးမေတို့ကို ဖမ်းဆီးရမိထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03