News

POST TYPE

LATEST NEWS POST

ဧရာဝတီတိုင်းတွင် သဘာဝဘေးအန္တရယ် သတိပေး
22-Oct-2018


ပုသိမ်၊ အောက်တိုဘာ ၂၂

ဧရာဝတီတိုင်းအတွင်းရှိ မြန်မာ့ပင်လယ်ကမ်းရိုးတန်းနှင့်နီးကပ်ဆက်စပ်နေသော မြို့နယ်များကို သဘာဝဘေးအန္တရာယ် အထူးသတိပေးချက်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့က ယနေ့ (အောက်တိုဘာ ၂၂ ရက်) နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။

ကပ္ပလီပင်လယ်ပြင်တွင်ဖြစ်နေသော မုန်တိုင်းငယ်သည် အောက်တိုဘာ ၂၂ ရက်တွင် မြန်မာ့ကမ်းရိုးတန်း ဧရာဝတီမြစ်ဝကျွန်းပေါ်သို့ ဖြတ်ကျော်ဝင်ရောက်မည်ဖြစ်ရာ မိုးသက်လေပြင်းများကျနိုင်ကြောင်း မိုးဇလဌာနက မနေ့က ထုတ်ပြန်အသိပေးထားသည်။

အဆိုပါမုန်တိုင်းငယ်သည် မြစ်ဝကျွန်းပေါ်ကိုဖြတ်ပြီးနောက် ဆက်လက်ရွေ့လျားကာ ရခိုင်ကမ်းရိုးတန်းဒေသကို ဝင်နိုင်ကြောင်း၊ မုန်းတိုင်းဖြတ်ကျော်စဉ် မိုးသက်လေပြင်း တိုက်ခတ်ခြင်းတို့ဖြစ်နိုင်ကြောင်း အဆိုပါဌာနက သတိပေးချက်တွင်ပါရှိသည်။

ဧရာဝတီတိုင်း လျှပ်စစ်စွမ်းအင်စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက “လေဖိအားနည်းရပ်ဝန်းဆိုတော့ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းသင်္ဘောတွေ၊ မြစ်တွင်းသွားလာတဲ့ ကုန်တင်ရေယာဉ်နဲ့ ခရီးသည်ရေယာဉ်တွေကို သတ်မှတ် စည်းကမ်းတွေကိုလိုက်နာပြီး အထူးဂရုပြုဖို့စာထုတ်ထားတယ်။ သင်္ဘောလိုင်းတွေတော့ ပိတ်တာမရှိသေးပါဘူး”ဟု ပြောသည်။

ထိုပြင် အောက်တိုဘာလ ၂၁ ရက် ညနေပိုင်းမှစ၍ ပင်လယ်ကမ်းရိုးတန်းနှင့် နီးကပ်ဆက်စပ်နေသော မြို့နယ်များ၊ ကျေးရွာများအား မုန်တိုင်းသတိပေးချက်ကို အသံချဲ့စက်ဖြင့် လိုက်လံအသိပေးထားပြီး သဘာဝဘေးကာကွယ်ရေးနှင့် အကူအညီပေးရေး အစီအစဉ်များကို အဆင်သင့် ဆောင်ရွက်ထားကြောင်း ဝန်ကြီးကဆက်လက်ရှင်းပြသည်။

ဘိုကလေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးက “မနေ့(အောက်တိုဘာလ ၂၁ ရက်) ညကတော့ လေနည်းနည်း တိုက်တယ်။ ၁၀ မိုင်နှုန်းလောက် ဖြစ်မယ်။ ဘာမှထိခိုက်မှုမရှိပါဘူး။ သင်္ဘောလိုင်းတွေလည်း ပုံမှန်ထွက်ပါတယ်။ သတိပေးချက်တွေတော့ ကြေညာအသိပေးထားတယ်” ဟု ပြောသည်။

ပုသိမ်မြို့၊ ငပုတောမြို့၊ ဟိုင်းကြီးကျွန်း၊ ဘိုကလေး၊ လပွတ္တာ၊ ဖျာပုံ၊ ကျိုက်လတ်နှင့် ဒေးဒရဲတို့သည်၂၀၀၈ ခုနှစ်က နာဂစ်မုန်တိုင်းဒဏ်ခံရသည့် ဒေသများဖြစ်ပြီး ဒေသတွင်းသွားလာသည့် သင်္ဘောလိုင်း ၁၅၀ ကျော်ရှိသည်။

သင်္ဘောဆိုက်ကပ်သည့် ဆိပ်ကမ်းတိုင်းတွင် ဖွဲ့စည်းထားသော ရေယာဉ်စနစ်တကျ ပြေးဆွဲရေးကြီးကြပ်မှု ကော်မတီနှင့် အုပ်ချုပ်ရေးအဖွဲ့များသို့ သဘာဝဘေးကာကွယ်နိုင်ရန်အတွက် မိုးလေဝသသတင်းများနှင့် အရေးပေါ် ညွှန်ကြားချက်များ ပေးပို့ခြင်းကို ဗိုက်ဘာဂရုဖွဲ့ကာ ချိတ်ဆက်ဆောင်ရွက်ထားကြောင်း တိုင်းဒေသကြီး၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

R-12