News

POST TYPE

LATEST NEWS POST

မကွေးတွင် LED မီးထွန်းပွဲ ကျင်းပ
22-Oct-2018

မကွေး၊ အောက်တိုဘာ ၂၁

မကွေးမြို့ လွတ်လပ်ရေးပန်းခြံအတွင်း သီတင်းကျွတ်အကြို LED မီးထွန်းပွဲတော်ကို အောက်တိုဘာ ၂၀ ရက်နေ့မှစ၍ ၁၆ ရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း မကွေးမြို့နယ် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

အဆိုပါပွဲတော်ကျင်းပရာတွင် ကျပ်သိန်းပေါင်း ၂၀၀၀ အကုန်အကျခံကာ LED မီးလုံး အရေအတွက်ပေါင်း သန်း ၁၀၀ ခန့် အသုံးပြုထားကြောင်း ပွဲစီစဉ်သည့် Love & Joy ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“နိုင်ငံတကာမှာ ခေတ်စားနေတဲ့ ဖျော်ဖြေမှုတွေအတိုင်း အများပြည်သူတွေ ပျော်ရွှင်မှုရအောင် လုပ်ပေးတာပါ”ဟု Love & Joy ကုမ္ပဏီမှ တာဝန်ရှိသူ ဦးရဲမြင့်က ပြောဆိုသည်။

အဆိုပါ မီးထွန်းပွဲတော်ကျင်းပရာတွင် ပန်းခြံအသုံးပြုခအဖြစ် စည်ပင်သာယာရေးဌာနထံ တစ်ရက်လျှင် တစ်သိန်းခွဲနှုန်းပေးရန် စာချုပ်ချုပ်ထားကြောင်း Love & Joy ကုမ္ပဏီမှ သိရသည်။

ပန်းခြံအသုံးပြုခကို ဈေးနှုန်းနည်းပါးစွာဖြင့် စာချုပ်ချုပ်ဆိုထားသော်လည်း ပွဲတော်အတွင်းဝင်ကြေးအဖြစ် လူကြီးတစ်ဦးလျှင် ကျပ် ၂၀၀၀ နှုန်း၊ ငါးနှစ်အထက် ကလေးငယ်တစ်ဦးလျှင် ကျပ် ၁၀၀၀ နှုန်း ကောက်ခံခြင်းကို မြို့ခံအချို့က ဝေဖန်ခဲ့သည်။

“အခုပွဲကို ဝင်ခွင့်ရဖို့အတွက် အခကြေးငွေနဲ့လုပ်တာ လုံးဝ အဓိပ္ပာယ်မရှိဘူး။ ငွေကြေးချို့တဲ့ပြီး ဆင်းရဲတဲ့ပြည်သူတွေကျတော့ ဝင်ရောက်ကြည့်ရှုခွင့်မရဘူး။ လွတ်လပ်ရေးပန်းခြံဖြစ်တဲ့အတွက် မိသားစုဝင်ပြည်သူတွေ လွတ်လပ်စွာ အပန်းဖြေဖို့ ဖြစ်သင့်တယ်။ လွတ်လပ်ရေးပန်းခြံဆိုတဲ့ နာမည်နဲ့မလိုက်ဘူး။ ကန့်ကွက်ပါတယ်”ဟု မြို့ခံ ဦးနွေဦးကိုကိုက ပြောဆိုသည်။

ရဟန်းသံဃာများ၊ ပရဟိတကျောင်းများမှ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ ငါးနှစ်အောက်ကလေးငယ်များနှင့် အမှန်တကယ် ငွေကြေးချို့တဲ့သူများအနေနှင့်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ပါပါက အခမဲ့ကြည့်ရှုခွင့်ပေးရန် ခွင့်ပြုသွားမည်ဖြစ်ကြောင်း Love & Joy ကုမ္ပဏီထံမှ သိရသည်။

အဆိုပါ ပွဲတော်တွင် ဝင်ကြေးလျှော့ချလိုက်ပါက လူများစွာ ဝင်လာမည်ဖြစ်ပြီး ပန်းခြံအတွင်းရှိ ပစ္စည်းများ ပျက်စီးဆုံးရှုံးမှု များပြားလာနိုင်သဖြင့် ကန့်သတ်ထားခြင်းဖြစ်ပြီး ပွဲတော်၏နောက်ဆုံးရက်တွင် ပြည်သူများ အခမဲ့ကြည့်ရှုနိုင်ရန်အတွက် ပွဲစီစဉ်သူများနှင့် ညှိနှိုင်းထားကြောင်း မကွေးပရဟိတအဖွဲ့ဦးဆောင်သူ ဦးမျိုးက ပြောကြားသည်။

R-23