News

POST TYPE

LATEST NEWS POST

စင်ကာပူလုပ်ငန်းရှင် ၄၀ ဦးခန့် လာရောက်မည်
21-Oct-2018

ရန်ကုန်၊​ အောက်တိုဘာ ၂၀ 

စင်ကာပူနိုင်ငံ Association of Small and Medium Enterprise (ASME) နှင့် RHB Bank တို့၏ ဦးဆောင်မှုဖြင့် စင်ကာပူ စီးပွားရေးလုပ်ငန်းရှင် ၃၈ ဦးခန့်ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့ လာရောက်မည်ဖြစ်ကြောင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) ထံမှ သိရသည်။

အဆိုပါ လုပ်ငန်းရှင်များသည် နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပူးပေါင်းတိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် အောက်တိုဘာလ ၂၅ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်၍ ကုန်သည်စက်မှုအသင်းချုပ်မှ လုပ်ငန်းရှင်များနှင့် စီးပွားရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်မည်ဖြစ်သည်။ 

မြန်မာ-စင်ကာပူ နှစ်နိုင်ငံလုပ်ငန်းရှင်များ စီးပွားရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို အောက်တိုဘာလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ ကုန်သည်စက်မှုအသင်းချုပ်တွင် ပြုလုပ်မည်ဖြစ်ပြီး ပညာရေးကဏ္ဍ၊ အစားအသောက်နှင့် အဖျော်ယမကာကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍ၊ ကုန်သွယ်ရေးကဏ္ဍ၊ နည်းပညာကဏ္ဍ၊ ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ၊ ဘဏ်နှင့် ငွေကြေးကဏ္ဍ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတို့ကို ဆွေးနွေးကြမည်ဖြစ်သည်။

ယင်းတွေ့ဆုံဆွေးနွေးပွဲသို့ စိတ်ပါဝင်စားသည့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်နိုင်ပြီး ကုန်သည်စက်မှုအသင်းချုပ်၊ International Relations Department, ဖုန်း ၀၁ ၂၃၁၄၃၄၄၄၉ အီးမေးလ် - [email protected] တို့ထံ ဆက်သွယ်စာရင်းပေးနိုင်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်ထံမှ သိရသည်။

J-11