News

POST TYPE

LATEST NEWS POST

အမေရိကန်နှင့် တောင်ကိုရီးယားတို့ နောက်ဆက်တွဲ စစ်ရေးလေ့ကျင့်ခန်းကို ရပ်ဆိုင်းထား
21-Oct-2018


စင်ကာပူ၊ အောက်တိုဘာ ၂၀

အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျင်မက်တစ်နှင့် တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး ဂျောင်ယွန်ဒူးတို့သည် ဒီဇင်ဘာလတွင် ပြုလုပ်ရန်စီစဉ်ထားသော Vigilant Ace စစ်ရေးလေကျင့်မှုကို ဖျက်သိမ်းလိုက်ကြသည်ဟု ပင်တာဂွန် ပြောရေးဆိုခွင့်ရှိသူက သောကြာနေ့က ပြောကြားလိုက်ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။

အခွင့်အလမ်းမှန်သမျှ ထွက်ပေါ်လာနိုင်ရန် ပြုံယမ်းနှင့် သံတမန်လုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေးအတွက် စစ်ရေးလေ့ကျင့်မှုကိုဖျက်သိမ်းရန် တာဝန်ရှိသူနှစ်ဦးက သဘောတူခဲ့ကြသည်ဟု ပြောရေးဆိုခွင့်ရှိသူ ဒါနာဝှိုက်က ပြောကြားသည်။ 

ဝန်ကြီးနှစ်ဦးသည် မဟာမိတ်နှစ်နိုင်ငံတပ်ဖွဲ့များ အဆင်သင့်ဖြစ်စေမည့် စစ်လေ့ကျင့်ခန်းများကို ဆိုင်းငံ့ထားရန် ကတိပြုခဲ့ကြပြီး နောင်ကာလအတွက် စစ်လေ့ကျင့်ခန်းများ လိုအပ်မှုကို ဆက်လက်ဆန်းစစ်မှုပြုလုပ်မည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

စင်ကာပူတွင် ကျင်းပနေသော လုံခြုံရေးဖိုရမ်တွင် ဂျင်မက်တစ်၊ ဂျော်ယွန်ဒူးနှင့် ဂျပန်ကာကွယ်ရေးဝန်ကြီး တာကီရှီအီဝါယာတို့ တွေ့ဆုံခဲ့ပြီးနောက် အဆိုပါ ဆုံးဖြတ်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။ မက်တစ်သည် ဂျော်ယွန်ဒူး၊ တာကီရှီအီဝါယာတို့နှင့် ဆွေးနွေးမှုအပြီး သတင်းထောက်များနှင့် တွေ့ဆုံစဉ် ယင်းဆုံးဖြတ်ချက်ကို ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပေ။

ဇွန်လက ဒေါ်နယ်ထရမ့်နှင့် ကင်ဂျုံအန်းတို့၏ ထိပ်သီးဆွေးနွေးပွဲအပြီးတွင် အမေရိကန်က ဩဂုတ်လအတွင်း စီစဉ်ထားသော တောင်ကိုရီးယားနှင့် ပူးတွဲစစ်ရေး လေ့ကျင့်မှုများကို ရပ်ဆိုင်းထားမည်ဟု ကြေညာချက်ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ယခုဖျက်သိမ်းလိုက်သည့် Vigilant Ace စစ်ရေးလေ့ကျင့်မှုသည် လေတပ်လေ့ကျင့်ခန်းဖြစ်ပြီး မနှစ်က လေယာဉ် ၂၃၀ နှင့် နှစ်နိုင်ငံတပ်ဖွဲ့ဝင် ၁၂၀၀၀ ပါဝင်ဆင်နွှဲခဲ့သည်။

အမေရိကန်နှင့် တောင်ကိုရီးယားတပ်ဖွဲ့များသည် ကမ်းတက်လေ့ကျင့်ခန်းများနှင့် နယ်မြေသိမ်းလေ့ကျင့်ခန်းများကို နှစ်စဉ်လေ့ကျင့်လေ့ရှိသည်။

တောင်ကိုရီးယားရှိ အမေရိကန်နှင့် ကုလတပ်ဖွဲ့များ၏ အကြီးအကဲ ဗိုလ်ချုပ်ကြီး ရောဘတ်အေဘရမ်က စစ်ရေးလေ့ကျင့်ခန်းများ ရပ်ဆိုင်းထားမှုသည် ကိုရီးယားကျွန်းဆွယ် တင်းမာမှုလျော့ပါးရေးကို အထောက်အကူပြုသော်လည်း နှစ်နိုင်ငံပူးပေါင်းတပ်ဖွဲ့များ၏ အဆင်သင့်ဖြစ်မှု၊ စွမ်းဆောင်ရည်နှင့် ချိတ်ဆက်ဆောင်ရွက်မှုတို့ကို လျော့ကျစေသည်ဟု ယခင်လက ပြောကြားခဲ့သည်။

F-04