News

POST TYPE

LATEST NEWS POST

အာဖရိက၏ အသက်အငယ်ဆုံး သန်းကြွယ်သူဌေး ပြန်ပေးဆွဲခံရပြီးနောက် အိမ်ပြန်ရောက်
21-Oct-2018



ဒူဒူမာ၊ အောက်တိုဘာ ၂၀

အာဖရိက၏ အသက်အငယ်ဆုံးသန်းကြွယ်သူဌေး METL အုပ်စု စီအီးအို မိုဟာမက်ဒူဂျီသည် တန်ဇန်းနီးယားနိုင်ငံရှိ ဟိုတယ်တစ်ခု၏အပြင်ဘက်တွင် ပြန်ပေးဆွဲခံခဲ့ရပြီးနောက် အိမ်သို့ ဘေးကင်းစွာပြန်လာနိုင်ခဲ့သည်ဟု DW သတင်းတွင် ဖော်ပြထားသည်။

METL အုပ်စု စီအီးအို မိုဟာမက်ဒူဂျီ ၄၃ နှစ်သည် အာဖရိက၏ အသက်အငယ်ဆုံး သန်းကြွယ်သူဌေးအဖြစ် သတ်မှတ်ခံရသူဖြစ်ပြီး ယခင်အပတ်က တန်ဇန်းနီးယား နိုင်ငံ ဒါအယ်စလမ်မြို့ရှိ အဆင့်မြင့် ဟိုတယ်တစ်ခု၏ အပြင်ဘက်တွင် သေနတ်သမားများ၏ ပြန်ပေးဆွဲခေါ်ဆောင်မှုကို ခံခဲ့ရသည်။

တန်ဇန်းနီးယား၏ အကျော်ကြားဆုံးပုဂ္ဂိုလ်ဖြစ်သည့်အလျောက် ဒူဂျီပျောက်ဆုံးမှုသည် တစ်နိုင်ငံလုံးကို တုန်လှုပ်သွားစေခဲ့သည်။

သို့ရာတွင် ဒူဂျီသည် စနေနေ့က METL အုပ်စု Twitter တွင် ၎င်း ဘေးကင်းစွာ အိမ်ပြန်ရောက်လာခဲ့ပြီဟု ပြောဆိုလိုက်သည်။

ပြန်ပေးသမားများ၏လက်မှ မည်သို့ပြန်လည်လွတ်မြောက်လာသည်ဆိုသော အသေးစိတ်အကြောင်းအရာများကိုမူ ဒူဂျီကရော၊ ကုမ္ပဏီကရော ထုတ်ဖော်ပြောကြားခြင်း မပြုပေ။

တန်ဇန်းနီးယားပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဂျာနွာရီမာကမ်ဘာက ဒူဂျီနှင့် စကားပြောဆိုခဲ့ပြီးဖြစ်ကြောင်းနှင့် ဒူဂျီဘေးအန္တရာယ်ကင်းရှင်းကြောင်း ပြောကြားသည်။

လွှတ်တော်အမတ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဒူဂျီကို စနေနေ့အစောပိုင်းတွင် လယ်ကွင်းတစ်ခုအတွင်း ပြန်ပေးသမားများက ပြန်လွှတ်ပေးခဲ့သည်ဟု မာကမ်ဘာက ပြောကြားသည်။

ဒူဂျီ၏ မိသားစုက ၎င်းလွတ်မြောက်စေမည့် သတင်းအချက်အလက်ပေးသူမှန်သမျှကို ရှီလင်ငွေ တစ်ဘီလီယံ (ဒေါ်လာ ၄၄၀,၀၀၀) ပေးမည်ဟု ကမ်းလှမ်းခဲ့သည်။

ဒူဂျီ၏ METL အုပ်စုသည် အာဖရိက တိုက်အတွင်း နိုင်ငံပေါင်း ၁၁ နိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ ဖြန့်ကြက်လုပ်ကိုင်နေပြီး ဒေါ်လာ ဘီလီယံနှင့်ချီသော ဝင်ငွေများကို ရရှိနေသော လုပ်ငန်းစုကြီးဖြစ်သည်။

ဒူဂျီသည် တန်ဇန်းနီးယားရှိ ဆင်းဘာအက်ဘ်စီ ဘောလုံးကလပ်တွင်လည်း အဓိကရှယ်ယာရှင်အဖြစ် ပါဝင်သူဖြစ်သည်။

F-04