News

POST TYPE

LATEST NEWS POST

ဂျာနယ်လစ် ဂျာမယ်လ်ခါရှော့ဂီသည် ကောင်စစ်ဝန်ရုံးအတွင်း ရန်ပွဲတွင် သေဆုံးခဲ့သည်ဟု ဆော်ဒီပြောကြား
21-Oct-2018



ရီယာ့ဒ်၊ အောက်တိုဘာ ၂၀

သတင်းထောက် ခါရှော့ဂီသည် အစ္စတန်ဘူးလ်ရှိ ဆော်ဒီကောင်စစ်ဝန်ရုံးအတွင်း ရန်ပွဲတွင် သေဆုံးခဲ့ပြီး ထိုဖြစ်စဉ်အပြီးတွင် ထောက်လှမ်းရေးလက်ထောက်အကြီးအကဲ အာမက်အယ်လ်အက်ဆီရီနှင့် အိမ်ရှေ့မင်းသား၏ အကြီးတန်းလက်ထောက် ဆွဒ်အယ်လ်ကာတာနီတို့ ပျောက်ဆုံးနေသည်ဟု ဆော်ဒီနိုင်ငံပိုင်ရုပ်သံက သတင်းထုတ်ပြန်လိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ယခုကြေညာချက်သည် ခါရှော့ဂီသေဆုံးမှုကို ဆော်ဒီနိုင်ငံက ပထမဆုံးအကြိမ် ဝန်ခံလိုက်ခြင်းဖြစ်သည်။ 

ထိုကိစ္စနှင့်ပတ်သက်၍ သမ္မတထရမ့်က ဖြစ်ပျက်ခဲ့သမျှသည် လက်သင့်ခံနိုင်စရာမရှိသော်လည်း ဆော်ဒီအာရေဗီးယားသည် ထူးကဲသော မဟာမိတ်ဖြစ်သည်ဟု မှတ်ချက်ပေးခဲ့သည်။ သမ္မတထရမ့်က အရေးယူဖမ်းဆီးမှုများသည် အရေးကြီးသော ပထမအဆင့်ဖြစ်ကြောင်း၊ ဆော်ဒီအပေါ် အရေးယူပိတ်ဆို့ရေးသည် နည်းလမ်းတစ်ခုဖြစ်သော်လည်း အမေရိက စီးပွားရေးကို ထိခိုက်နိုင်ကြောင်း ပြောကြားသည်။

ဆော်ဒီတို့၏ ထုတ်ပြန်ချက်ကို ယုံကြည်စိတ်ချမှုရှိသလားဟု မေးမြန်းသောအခါ ထရမ့်က ရှိသည်ဟု ပြောကြားသည်။

ထောက်လှမ်းရေးဌာနကို ပြန်လည်ဖွဲ့စည်းရန်အတွက် အိမ်ရှေ့မင်းသားဦးဆောင်သည့် ကော်မတီကို ဖွဲ့စည်းရန် ဆော်ဒီဘုရင် ဆော်လ်မွန်က အမိန့်ထုတ်ပြန်လိုက်သည်ဟုလည်း သိရှိရသည်။

ဆော်ဒီသည် တရားခံများအား စုံစမ်းဖော်ထုတ်ရေးအတွက် တူရကီအာဏာပိုင်များက ပေးသော သတင်းအချက်အလက်များအပေါ်တွင် အခြေခံ၍ ဆောင်ရွက်နေသည်။ 

တူရကီရဲများက ခါရှော့ဂီ၏အလောင်းအား ရှာဖွေမှုကို ဖြန့်ကြက်လုပ်ဆောင်နေသည်။ ခါရှော့ဂီ၏ အလောင်းကို အနီးတစ်ဝိုက်ရှိ ဘဲလ်ဂရက်သစ်တောအတွင်းဖြစ်စေ၊ တောင်ယာများတွင်ဖြစ်စေ စွန့်ပစ်ခဲ့ဖွယ်ရှိသည်ဟု အမည်မဖော်သော ရဲအရာရှိများက ပြောကြားသည်။

ဆော်ဒီအစိုးရ ရှေ့နေရုံး၏ ထုတ်ပြန်ချက်တွင် ခါရှော့ဂီသည် ကောင်စစ်ဝန်ရုံးအတွင်း တွေ့ဆုံသူများနှင့် ရန်ပွဲဖြစ်ပွားကာ သေဆုံးခဲ့ကြောင်းနှင့် အမှုကို စုံစမ်းဖော်ထုတ်နေပြီး ဆော်ဒီနိုင်ငံသား ၁၈ ဦးကို ဖမ်းဆီးထားကြောင်း ဖော်ပြထားသည်။

အမေရိကန်သမ္မတအိမ်ဖြူတော်က ခါရှော့ဂီသေဆုံးမှုအတွက် အထူးဝမ်းနည်းကြောင်း ကြေညာချက် ထုတ်ပြန်သည်။ ဆော်ဒီနိုင်ငံကို ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိသူ ရီပတ်ဘလစ်ကန် ဆီနိတ်တာလင်း ဆေးဂရေဟမ်ကမူ ဆော်ဒီအာဏာပိုင်များ၏ သတင်းထုတ်ပြန်ချက်ကို သံသယရှိသည်ဟု ထုတ်ဖော်ပြောကြားသည်။

သတင်းထောက် ခါရှော့ဂီသည် အောက်တိုဘာ ၂ ရက်က ကောင်စစ်ဝန်ရုံးမှ ပြန်လည်ထွက်ခွာသွားသည်ဟု ဆော်ဒီအာဏာပိုင်များက ရက်အတန်ကြာ ခုခံငြင်းဆိုခဲ့ပြီးနောက် ယခုမှသာ ခါရှော့ဂီကောင်စစ်ဝန်ရုံးတွင် သေဆုံးခဲ့သည်ဟု ဝန်ခံလိုက်ခြင်းဖြစ်သည်။

တူရကီအာဏာပိုင်များက ခါရှော့ဂီ အသတ်ခံရခြင်းကို ရည်ညွှန်းနေသည့် အသံဖိုင်နှင့် ဗီဒီယိုဖိုင်များရရှိထားသည်ဟု ပြောကြားခဲ့သည်။ တူရကီမီဒီယာများကလည်း ထိုနေ့က အစ္စတန်ဘူးလ်သို့ရောက်ရှိလာပြီး ပြန်လည်ထွက်ခွာသွားသော တရားခံဆော်ဒီအေးဂျင့် ၁၅ ဦးအဖွဲ့ကို စိစစ်တွေ့ရှိထားသည်ဟု သတင်းထုတ်ပြန်ထားသည်။

F-04