News

POST TYPE

LATEST NEWS POST

အင်းစိန်၌ တိုက်ခန်းမီးခံသေတ္တာထဲမှ လက်ဝတ်ရတနာများ ခိုးယူခံရ
21-Oct-2018

ရန်ကုန်၊ အောက်တိုဘာ ၂၁

အင်းစိန်မြို့နယ်၊ ဈေးကုန်းအနောက်ရပ်ကွက်၊ အောင်မင်္ဂလာလမ်းရှိ ဒုတိယထပ် တိုက်ခန်းတစ်ခန်း အောက်တိုဘာလ ၁၉ ရက်နေ့က ဖောက်ထွင်းခံရပြီး ငွေနှင့် မီးခံသေတ္တာအတွင်း သိမ်းဆည်းထားသော လက်ဝတ်ရတနာပစ္စည်းများ ပျောက်ဆုံးနေသောကြောင့် ခိုးမှုကျူးလွန်သူကို ဖော်ထုတ်အရေးယူနိုင်ရန် စုံစမ်းဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖောက်ထွင်းခံရသည့် တိုက်ခန်းမှာ ယင်းမြို့နယ်ရှိ အလယ်တန်းကျောင်းတစ်ကျောင်းမှ ကျောင်းအုပ်ဆရာကြီး၏ တိုက်ခန်းဖြစ်ပြီး ယင်းနေ့က မိသားစုဝင်များ နေအိမ်တွင်မရှိချိန် တိုက်ခန်းအတွင်းရှိ အလူမီနီယံ ဗီရိုအံဆွဲအတွင်းထားရှိသော ကျပ်နှစ်သိန်းခွဲနှင့် မီးခံသေတ္တာအတွင်းထားရှိသော တန်ဖိုးငွေကျပ် သိန်း ၉၀ ကျော်ရှိ လက်ဝတ်ရတနာများ ခိုးယူခံရခြင်းဖြစ်သည်။

“ကျောင်းအုပ်ဆရာကြီးရဲ့ နေအိမ်မှာ မိသားစုက သုံးယောက်ပဲရှိတယ်။ ဇနီးဖြစ်သူကလည်း ပညာရေးကောလိပ်က လက်ထောက်ကထိက။ အခင်းဖြစ်မနက်ပိုင်းက သားဖြစ်သူကို ကျောင်းပို့ပြီး သူတို့ဇနီးမောင်နှံလည်း လုပ်ငန်းခွင်ကိုယ်စီသွားကြတယ်။ ညနေပိုင်းမှာ အိမ်အစောပြန်ရောက်တဲ့ ဇနီးဖြစ်သူက တိုက်ခန်း သံပန်းတံခါးပွင့်နေတာကိုတွေ့လို့ ခင်ပွန်းဖြစ်သူကို ဖုန်းဆက်ခေါ်ပြီး အိမ်ထဲဝင်စစ်ဆေးရာက ပစ္စည်းတွေခိုးယူခံရမှန်း သိခဲ့တာ” ဟု ရဲအရာရှိက ရှင်းပြသည်။

ငွေနှင့် လက်ဝတ်ရတနာပစ္စည်းများ ခိုးယူခံရသည့်ဖြစ်စဉ်ကို အင်းစိန်မြို့မရဲစခန်းက (ပ) ၂၁၇၈/ ၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်အရေးယူထားပြီး ခိုးမှုကျူးလွန်သူကို အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရန် စုံစမ်းစစ်ဆေးမှုများဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03