News

POST TYPE

LATEST NEWS POST

မူးယစ်ဆေးဝါး သုံးစွဲနေသည့် လူငယ်ခြောက်ဦးကို ဓားလက်နက်များနှင့်အတူ ဖမ်းမိ
20-Oct-2018

ရန်ကုန်၊ အောက်တိုဘာ ၂၀

ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၆၉) ရပ်ကွက်တွင် အောက်တိုဘာလ ၁၉ ရက် ညနေပိုင်းက မူးယစ်သတင်း ရရှိထားသည့် နေအိမ်တစ်လုံးကို ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ရာမှ မူးယစ်ဆေးဝါး သုံးစွဲနေသည့် လူငယ်ခြောက်ဦးနှင့်အတူ ဓားလက်နက်များကို သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖမ်းမိသူ အသက် ၁၈ နှစ် ထွန်းထွန်းဦးမှာ ၆၉ လမ်းရှိ မင်းကျော်ဗညားလမ်းတွင် နေထိုင်သူဖြစ်ပြီး ၎င်း၏နေအိမ်တွင် ဆိုင်ကယ်အသုံးပြု၍ လုယက်မှုများ ကျူးလွန်ကာ မူးယစ်ဆေးဝါးများ သုံးစွဲရောင်းချကြောင်း သတင်းရရှိမှုကြောင့် ယင်းနေ့ ညနေက ရဲတပ်ဖွဲ့မှ သက်သေများနှင့်အတူ ဝင်ရောက်စစ်ဆေးခဲ့သည်။

“ရပ်ကွက်ထဲ ဆိုင်ကယ်တွေနဲ့ လှည့်လည်ပြီး လုယက်မှု ကျူးလွန်သူတွေက မူးယစ်ဆေးဝါးတွေပါ သုံးစွဲရောင်းချနေတယ်လို့ သတင်းရရှိတာကြောင့် ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့တာပါ။ လက်ရှိ သူတို့အဖွဲ့ထံက မူးယစ်ဆေးဝါးနဲ့ ဓားလက်နက်အချို့ကို သိမ်းဆည်းရမိထားတယ်။ လုယက်မှုတွေ ကျူးလွန်ထားခြင်း ရှိ မရှိ ဆိုတာတော့ တိုက်ဆိုင်စစ်ဆေးနေတုန်းပဲ”ဟု ရဲအရာရှိက ပြောသည်။

အဆိုပါ ဖမ်းမိသူ အသက် ၁၇ နှစ်မှ ၁၈ နှစ်ကြားရှိ လူငယ်ခြောက်ဦးမှာ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် နေထိုင်သူများဖြစ်ပြီး ၎င်းတို့ထံမှ WY စာတန်းပါ စိတ်ကြွဆေးပြားများနှင့်အတူ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် ဓားမြှောင်သုံးချောင်း၊ စတီးပိုက်တစ်ခုတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ဒဂုံဆိပ်ကမ်း မြို့မ ရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆ (ဂ)/ ၂၂ (ခ) / ၂၁ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03