News

POST TYPE

LATEST NEWS POST

မော်လိုက်တွင် ရဟန်းတစ်ပါးက သာသနာရေး ဒုဦးစီးမှူးကို ဓားဖြင့်ခုတ်
20-Oct-2018

ကလေး၊ အောက်တိုဘာ ၂၀

စစ်ကိုင်းတိုင်း မော်လိုက်မြို့တွင် အောက်တိုဘာလ ၁၈ ရက် ည ၈ နာရီခန့်က တပ်ဦးဘုန်းကြီးကျောင်း၌ သီတင်းသုံးနေသည့် ရဟန်းတစ်ပါးက သာသနာရေး ဒုဦးစီးမှူးတစ်ဦးကို ဓားဖြင့်ခုတ်ခဲ့ကြောင်း မော်လိုက်မြို့မ ရဲစခန်းထံမှ သိရသည်။

ဓားဖြင့်ခုတ်သည့် ရဟန်းသည် ဝါတော် ၁၃ ဝါ၊ အသက် ၄၈ နှစ်ရှိ ဦးနန္ဒိမာဖြစ်ပြီး မော်လိုက်ခရိုင် သာသနာရေးဦးစီးမှူးရုံးမှ ဒုဦးစီးမှူး ဦးလှမြင့်ဦးနှင့် စကားများရာမှ ဘုန်းကြီးကျောင်းပေါ်တွင် ဓားဖြင့်ခုတ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

“ဘယ်ဘက်ပါးကို ခုတ်မိသွားတယ်။ ခုတ်တဲ့သူကိုတော့ နောက်နေ့ မနက်(အောက်တိုဘာ ၁၉ ရက် မနက်) မှာပဲ လူဝတ်လဲပြီး ဖမ်းဆီးထားတယ်”ဟု မော်လိုက်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဓားဒဏ်ရာကြောင့် ဦးလှမြင့်ဦးသည် ကလေးဆေးရုံတွင် ဆေးကုသမှု ခံယူနေရကာ အောက်တိုဘာလ ၂၀ ရက်တွင် စကားပြောနိုင်နေပြီး သက်သာသည့် အနေအထားရှိနေပြီဖြစ်ကြောင်း မော်လိုက်ခရိုင် သာသနာရေးဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးကံလှိုင်က ပြောသည်။

R-20