News

POST TYPE

LATEST NEWS POST

မုန်တိုင်းငယ်အရှိန်ကြောင့် ရန်ကုန်နှင့် ဒေသအချို့ မိုးကြီးမည်
20-Oct-2018

ရန်ကုန်၊ အောက်တိုဘာ ၂၀

ထိုင်းပင်လယ်ကွေ့တွင် ဖြစ်ပေါ်နေသည့် အပူပိုင်းမုန်တိုင်းငယ်၏ အရှိန်ကြောင့် ရန်ကုန်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် နေရာကွက်၍ မိုးကြီးပြီး လေပြင်းများတိုက်ခတ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

ယင်းအရှိန်ကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးနိုင်ကြောင်း အဆိုပါဌာနက ခန့်မှန်းထားသည်။

ထို့ပြင်မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်နိုင်ပြီး ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ကြောင်း ယင်းဌာနက သတိပေးထားသည်။

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းအမြင့်မှာ ၆ ပေမှ ၉ ပေခန့် ရှိနိုင်သည့်အတွက် ငါးဖမ်းရေယာဉ်များအနေဖြင့် သတိပြုထွက်ခွာရန်လိုအပ်ကြောင်း မိုးဇလဌာနက သတိပေးထားသည်။

ထိုင်းပင်လယ်ကွေ့တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်းငယ်သည် အောက်တိုဘာလ ၂၀ ရက် ညနေတိုင်းထွာချက်များအရ မြိတ်မြို့၏ တောင်-အရှေ့တောင်ဘက် မိုင် ၂၁၀ ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး အနောက်-အနောက် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ ကပ္ပလီပင်လယ်ပြင်အတွင်း ရောက်ရှိနိုင်ကြောင်း၊ ယင်းနောက်ကပ္ပလီပင်လယ်ပင်ပြင်အတွင်း လေဖိအားနည်းရပ်ဝန်း ဖြစ်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

လာမည့်အောက်တိုဘာလ ၂၃ ရက်နှင့် ၂၄ ရက်ဝန်းကျင်တွင် ကပ္ပလီပင်လယ်ပြင်အတွင်း မုန်တိုင်းတစ်လုံး ဖြစ်ပေါ်လာနိုင်ပြီး မြောက်ဘက်သို့ ရခိုင်ကမ်းရိုးတန်းအနီးမှ ဖြတ်သန်းသွားနိုင်သည့်အတွက် အောက်တိုဘာလ ၂၄ ရက်မှ ၂၇ ရက်အတွင်း ငါးဖမ်းရေယာဉ်များထွက်ခွာခြင်း မပြုသင့်ကြောင်း ရာသီဥတုစောင့်ကြည့်သူများက ဆိုသည်။

ထို့ပြင်ယင်းကာလအတွင်း ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ကမ်းရိုးတန်းဒေသတို့တွင် မိုးသက်လေပြင်းများကျရောက်နိုင်ဖွယ်ရှိနေကြောင်း ရာသီဥတု အခြေအနေလေ့လာစောင့်ကြည့်သူများက ပြောကြားထားသည်။

E-03