News

POST TYPE

LATEST NEWS POST

ပုသိမ်မြို့နယ် သစ်တောကြိုးဝိုင်းတွင် ဆင်မုဆိုးများ ဖမ်းမိ
19-Oct-2018



ပုသိမ် ၊အောက်တိုဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ သလပ်ခွာ သစ်တောကြိုးဝိုင်းတွင် အောက်တိုဘာ ၁၈ ရက်နေ့ မွန်းပိုင်းက ဆင်သတ်သမားသုံးဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ယင်းဒေသ ဥယျာဉ်ခြံလုပ်သားများထံမှ သိရသည်။

အောက်တိုဘာ ၁၀ ရက်နေ့ကတည်းက ယင်းဒေသဥယျာဉ်ခြံများရှိ အပင်များကို ဝင်ရောက်စားသောက်နေသည့် တောဆင်ရိုင်းအုပ်ကို ဘေးကင်းရာတောတွင်းသို့ မောင်းပို့နိုင်ရေး၊ တောဆင်ရိုင်းများ သတ်ဖြတ်မခံရရေးနှင့် ဆင်သတ်မုဆိုးများ ဖမ်းဆီးနိုင်ရေးအတွက် သစ်တောရဲတပ်ဖွဲ့ သစ်တောဦးစီးဌာနရှောပြာရဲကင်း၊ တောဆင်ကိစ္စ အရေးပေါ်ဆောင်ရွက်ရေး EERU အဖွဲ့နှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းကင်းလှည့်စဉ် ဖမ်းမိခြင်းဖြစ်သည်။

“ချောင်းသာ-ငွေဆောင် ဖြတ်လမ်း၊ မိုင်တိုင် အမှတ် ၂/၃ မှာ ဥယျာဉ်ခြံ အလုပ်သမားတွေ ရောထိုင်နေတဲ့ မသင်္ကာဖွယ်လူစိမ်းနှစ်ဦးကိုတွေ့တာ စစ်ဆေးတော့ တစ်ဦးက တောထဲကို ထွက်ပြေးတယ် ဖမ်းမိတဲ့ကျန်တစ်ဦးကို စစ်တော့ သူ့လွယ်အိတ်ထဲက ဓါးမြောင်အဆိပ်ပုလင်းနဲ့ ငွေတစ်သိန်းခန့်ကို တွေ့တယ်၊ သူရဲ့ဝန်ခံဖေါ်ထုတ်ချက်အရ သူတို့စခန်းကို သိရှိပြီး ၃ ဦး ဖမ်းမိတာ”ဟု တောဆင်ထိန်းသိမ်းကာကွယ်ရေး အမှတ် ၄ စခန်း (ပုသိမ်) မှ သစ်တောရဲ အရာရှိ ဒုတိယရဲအုပ် ထွန်းဇော်ဟိန်းက ပြောသည်။

ကနဦး ဖမ်းမိသူ ပုသိမ်မြို့နယ် စပါးထားကျေးရွာအုပ်စု၊ ခြေထောက်ကွင်း ကျေးရွာနေ အသက် ၃၀ နှစ်ရှိ စောထူးညော၏ ထုတ်ဖေါ်ဝန်ခံချက်အရ သလပ်ခွာကြိုးဝိုင်း၊ အကွက်အမှတ် ၅ ရှိ မီးသွေးဖုတ်သည့် တဲတွင် ၄င်း၏အတူနေ ဖခင် အသက် ၅၆ နှစ်ရှိ စောတသိန်းနှင့် မင်းတုန်းမြိုနယ် သဖန်းချောင်းကျေးရွာ အုပ်စု ဝက်ကော်ကျေးရွာ နေထိုင်သူ အသက် ၁၈ နှစ်ရှိ နိုင်ထက် ကျော်တို့ကို ဆက်လက်ဖမ်းမိကြောင်း ရဲတပ်ဖွဲ့၏ ကနဦးသတင်း ပေးပို့ချက်တွင်ဖေါ်ပြပါရှိသည်။

ဆင်သတ်ရာတွင် အသုံးပြုသော တူမီးသေနတ်တစ်လက်၊ ဒါးမြှောင်၊ အဆိပ်ပုလင်း ၃ လုံး၊ သံဘောစိ ၉ လုံး၊ ရမ်းမှုံ့ ၁ ပုလင်း၊ မီးကူးယမ်း ၃ ဗူး၊ အဆိပ်မြှားထိပ်ဖူး စသည့် ဆက်စပ်ပစ္စည်း ၂၂ မျိုး ဖမ်းမိခဲ့ပြီး ၎င်းတို့ ၃ ဦးအား သလပ်ခွာနယ်မြေရဲစခန်းမှ လက်နက် ဥပဒေပုဒ်မ ၁၉စ ဇီဝမျိုးစုံနှင့် မျိုးကွဲများ ထိန်းသိမ်းရေး ဥပဒေ ပုဒ်မ ၄၁ က/၄၄ တို့ဖြင့် အမူဖွင့်ရေးကာ စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း ယင်းရဲစခန်းမှ သိရသည်။

R-12