News

POST TYPE

LATEST NEWS POST

ချောင်းသာကမ်းခြေရှိ ဈေးသည်များကို ရှင်းလင်း
19-Oct-2018



ပုသိမ်၊ အောက်တိုဘာ ၁၈

ဧရာဝတီတိုင်း ချောင်းသာကမ်းခြေရှိ စည်းကမ်းနှင့်မညီသော ဈေးဆိုင် ၁၇ ဆိုင်ကို ကမ်းခြေစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က (အောက်တိုဘာ ၁၈ရက်) နံနက်ပိုင်းတွင် ရှင်းလင်းခဲ့ကြောင်း ချောင်းသာကမ်းခြေဒေသအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

ကမ်းခြေသန့်ရှင်းသာယာလှပရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေး တိုင်းအစိုးရ၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး သတ်မှတ်စည်းကမ်းနှင့်အညီ မရောင်းသည့်ဆိုင်များမှ ထိုင်ခုံ၊ စားပွဲ၊ ဈေးခုံများကိုသာ သိမ်းခြင်းဖြစ်ကြောင်း ကမ်းခြေအုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောသည်။

"ခေါင်းရွက် ဗျက်ထိုးရောင်းခွင့်ရှိတယ်။ ညအိပ်၊ ညနေ ဆိုင်တည်ခင်းရောင်းချခွင့်မရှိဘူး။ ခုလည်း လူတွေကို တရားစွဲတာမလုပ်ပါဘူး။ ရောင်းကုန်ပစ္စည်းတွေကိုလည်း မသိမ်းပါဘူး" ဟု ဦးတေဇာအောင်က ပြောသည်။

ကမ်းခြေလာဧည့်သည်များကို အမှီပြု၍ ဈေးရောင်းအသက်မွေးရသူများအတွက် စနစ်တကျဖြစ်သည့် ကမ်းခြေဈေးတန်းတစ်ခုသတ်မှတ်ပေးရန် အစိုးရသို့ တောင်းဆိုသော်လည်း ယနေ့တိုင်လုပ်မပေးသေးကြောင်း ကမ်းခြေဈေးသည်များက ပြောဆိုကြသည်။

ကမ်းခြေဈေးသည် ဒေါ်စကားဝါက “ကွမ်းယာဆိုင်၊ အအေး၊ အချိုရည်ဆိုင်မျိုးကြတော့ တည်ခင်းရောင်းမှအဆင်ပြေတယ်။ ဗျက်ထိုးရောင်းတာမျိုးမဖြစ်ဘူးလေ။ ခနခန ဖမ်းနေတော့ လုပ်ကိုင်ရတာအဆင်မပြေဘူး။ မျှမျှတတဖြစ်စေချင်တယ်” ဟု ပြောသည်။

ထို့သို့ ရှင်းလင်းခြင်းမပြုမီ သက်ဆိုင်ရာအုပ်ချုပ်ရေးနှင့်တာဝန်ရှိသူများက ကမ်းခြေရှိစည်းကမ်းမဲ့ဈေးရာင်းသော ဈေးသည်များကို အောက်တိုဘာ ၁၄ ရက်က လိုက်လံစစ်ဆေးပြီး ကြိုတင်သတိပေးခဲ့သေးကြောင်း ချောင်းသာကမ်းခြေဒေသ အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

R-12