News

POST TYPE

LATEST NEWS POST

ထားဝယ်-ထီးခီး လိုင်စင်မဲ့ကားများ နိုဝင်ဘာ ဒုတိယအပတ် စဖမ်းမည်
19-Oct-2018

ထားဝယ်၊ အောက်တိုဘာ ၁၉

ထားဝယ်မြို့မှ ထိုင်းနိုင်ငံနယ်စပ် ထီးခီးသို့ ပြေးဆွဲနေသည့် တရားမဝင် လိုင်စင်မဲ့မော်တော်ယာဉ်များကို လာမည့် နိုဝင်ဘာလ ၁၁ ရက်နေ့မှ  စတင် ဖမ်းဆီးတော့မည်ဖြစ်ကြောင်း ထားဝယ်-ထီးခီး မော်တော်ယာဉ် ကြီးကြပ်ရေးအသင်းထံမှ သိရသည်။

ယင်းလမ်းကြောင်းတွင် လိုင်စင်မဲ့မော်တော်ယာဉ်များ ပြေးဆွဲနေခြင်းကိုထိန်းချုပ်နိုင်ရန်အတွက် အောက်တိုဘာလ ပထမအပတ်မှ စတင်ပြီး လိုင်စင်ရှိသည့်ယာဉ်များကို ထားဝယ်-ထီးခီး ယာယီပြေးဆွဲခွင့်လက်မှတ်များ ထုတ်ပေးပြီးနောက် ယင်းကဲ့သို့ ဖမ်းဆီးမှုများ စတင်ရန် စီစဉ်လာခြင်းဖြစ်သည်။

မေတ္တာမြို့ရှိ စစ်ဆေးရေးဂိတ်တွင် သက်ဆိုင်ရာ ဌာနများပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် မော်တော်ယာဉ်များတွင် ယာယီပြေးဆွဲခွင့် လက်မှတ် ရှိ၊မရှိ နေ့စဉ် စစ်ဆေးမည်ဖြစ်ကြောင်း အထက်ပါအသင်း ဥက္ကဋ္ဌ ဦးသန်းဇော်မိုးက ပြောသည်။

“အောင်တိုဘာလ ၁၀ ရက်ကနေပြီး နိုဝင်ဘာ ၁၀ ရက်အထိကို ပညာပေးကာလအနေနဲ့ သတ်မှတ်ထားတယ်။ သတ်မှတ်ရက်ကျော်ရင်တော့ စဖမ်းတော့မယ်”ဟု ဦးသန်းဇော်မိုးက ဆိုသည်။

ဖမ်းမိသည့်ယာဉ်များကို တိုင်းအစိုးရအဖွဲ့ထံသို့ လွှဲပြောင်းပေးမည်ဖြစ်ပြီး တိုင်းအစိုးရအဖွဲ့က အရေးယူမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တရားမဝင် လိုင်စင်မဲ့ကားများကို ဖမ်းဆီးအရေးယူမည်ဟု ယခင်ကလည်း မကြာခဏ ပြောဆိုခဲ့ဖူးပြီး ရေရှည်မဖမ်းကြဟု ထားဝယ်-ထီးခီး ပြေးဆွဲနေသည့် ယာဉ်ပိုင်ရှင်အချို့က ပြောသည်။

“ရေရှည်မှာတော့ ဒီတရားမဝင်ကားတွေကို ထိန်းချုပ်နိုင်မယ်မထင်ဘူး။ အရင်ကလည်းဖမ်းမယ်လို့ပြောပြီး နောက်ဆို လိုင်စင်မဲ့ကားတွေ ဟိုကတစ်စီး၊ ဒီကတစ်စီး ထွက်ထွက်လာတာပဲ”ဟု ထားဝယ်-ထီးခီးကို ပြေးဆွဲခဲ့ဖူးသည့် ယာဉ်ပိုင်ရှင်တစ်ဦးက ဆိုသည်။

ယာယီပြေးဆွဲခွင့်လက်မှတ်များကို ယာဉ်လိုင်စင်ရှိပြီး လုပ်ငန်းလိုင်စင်မရှိသည့် ယာဉ်များကိုလည်း ပြုလုပ်ပေးလျှက်ရှိပြီး အောက်တိုဘာလ ၁၆ ရက်အထိ စာရင်းအရ ယာဉ် ၇၀ ခန့်ကို ထုတ်ပေးပြီးဖြစ်ကြောင်း ထားဝယ်-ထီးခီး မော်တော်ယာဉ် ကြီးကြပ်ရေး အသင်းထံမှသိရသည်။

Dawei Watch