News

POST TYPE

LATEST NEWS POST

မန္တလေးတွင် ဘုန်းကြီးကျောင်းများ၌ လောင်းကစားဒိုင်များ ရှိ မရှိ ရှောင်တခင်စစ်မည်
19-Oct-2018

မန္တလေး၊ အောက်တိုဘာ ၁၈ 

မန္တလေးမြို့တော်အတွင်းရှိ ဘုန်းကြီးကျောင်းများတွင် လောင်းကစားဒိုင် ဖွင့်လှစ်ရောင်းချမှုများရှိမရှိ ရှောင်တခင်ဝင်စစ်မည်ဖြစ်ကြောင်း သာသနာထိန်းသိမ်းရေးအဖွဲ့ (ချမ်းအေးသာစံမြို့နယ်) ထံမှ သိရသည်။

ယခင်က ဘုန်းကြီးကျောင်းများတွင် လောင်းကစားဒိုင်ဖွင့်လှစ်ရောင်းချမှုများ ရှိမရှိ ကြိုတင်အကြောင်းကြား စစ်ဆေးခဲ့ရာမှ နောက်ပိုင်းတွင် ရှောင်တခင်သာ စစ်ဆေးတော့မည်ဖြစ်ကြောင်း သာသနာထိန်းသိမ်းရေးအဖွဲ့ (ချမ်းအေးသာစံ) မှ အဖွဲ့ဝင်ဆရာတော် ဦးကဝိန္ဒက မိန့်ကြားသည်။ “ဒါတွေကိုရှင်းလင်းဖို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ညွန်ကြားချက်ထုတ်တယ်။ တိုင်းသံဃနာယကအဖွဲ့ကနေ မြို့နယ်သံဃနာယကအဖွဲ့ကို ညွန်ကြားထားတာလည်းရှိတယ်။ ဘုန်းကြီးကျောင်း ဝင်းထဲမှာလောင်းကစားဒိုင်တွေရှိတာက လုံးဝမတင့်တယ်ဘူး။ စာသင်သားကိုယ်တော်တွေလည်း လောင်းကစားဒိုင်တွေရှိတော့ ပျက်စီးတာပေါ့။ ပျက်စီးတာလည်းရှိခဲ့တယ်” ဟု ဆရာတော်က ရှင်းပြသည်။

လောင်းကစားဒိုင်များ လက်ခံထားရှိခြင်းများအပြင် ဥပဒေနှင့်မလွတ် ကင်းသောပစ္စည်းများ သိုလှောင်ထားရှိခြင်း၊ စီးပွားဖြစ်ကုန်ပစ္စည်းများ သိုလှောင်ထားရှိခြင်း၊ စီးပွားရေးလုပ်ငန်းများ လက်ခံထားရှိခြင်း၊ စီးပွားရေးလုပ်ကိုင်နေသည့် လူပုဂ္ဂိုလ်များ အမြဲနေထိုင်နေမှုများနှင့် လူနေအိမ်များကို ဖယ်ရှားရန် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ညွှန်ကြားထားခြင်းဖြစ်သည်။ 

ဘုန်းကြီးကျောင်းများတွင် လောင်းကစားဒိုင်များ ဖွင့်လှစ်နေမှုများကို ငါးရက်အတွင်းဖယ်ရှားပေးရန်၊ စီးပွားရေးလုပ်ငန်းများ၊ ဈေးဆိုင်ဖွင့်လှစ်မှုများနှင့် လူနေထိုင်မှုများကို တစ်လအတွင်း ဖယ်ရှားပေးရန်နှင့် ယင်းကိစ္စရပ်များကို လက်မခံရန်ခံဝန်ကတိထိုးခိုင်းကြောင်း ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းအချို့ထံမှ သိရသည်။

ဘုန်းကြီးကျောင်းများတွင် လောင်းကစားဒိုင်များ ဖွင့်လှစ်ခြင်းရှိမရှိကို မြို့နယ်သံဃနာယကအဖွဲ့ ဆရာတော်များ၊ သာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဆရာတော်များ၊ မြို့နယ်ထွေအုပ်ရုံးမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာရပ်ကွက် သံဃနာယကဆရာတော်များ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ဖြင့် ရှောင်တခင်စစ်ဆေးနေခြင်းဖြစ်သည်ဟု စစ်ဆေးရာတွင်ပါဝင်သော ဆရာတော်တစ်ပါးက မိန့်ကြားသည်။

“ဒီဆောင်ရွက်ချက်က ပွဲပြီးမီးသေလုပ်နေတာမျိုး မဟုတ်ဘူး။ ထပ်ခါထပ်ခါစစ်ဆေးမယ်။ ဒီလိုတားမြစ်နေပါလျက်နဲ့ ခွင့်ပြုနေတာတွေ့ရင် ဘုန်းကြီးကျောင်းတိုက်အမည်၊ ဓာတ်ပုံတွေနဲ့ သတင်းစာတွေထဲမှာထည့်မယ်။ လက်ခံထားတဲ့ဘုန်းကြီးကို သံဃာ့စည်းမျဉ်းအတိုင်း သာသနာရေးမှူးကနေတစ်ဆင့် တရားစွဲမယ်” ဟု ယင်းဆရာတော်က မိန့်ဆိုသည်။

လက်ရှိတွင် ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ကျောင်းတိုက်များမှ သံဃာများကို လောင်းကစားဒိုင်များလက်မခံရန် ဝန်ခံထိုးခိုင်းထားကြောင်း မန္တလေးတိုင်းသာသနာရေးဦးစီးမှူး ဦးခင်မောင်တင့်က ပြောကြားသည်။

မန္တလေးမြို့တော်အတွင်း၌ ကျောင်းတိုက်ပေါင်း ၈၀၀ ကျော်၊ ကျောင်းပေါင်း ၂၆၀၀ ကျော်နှင့် ရဟန်း၊ သာမဏေ၊ သီလရှင်ပေါင်း ၄၂,၀၀၀ ကျော်ရှိနေကြောင်း မန္တလေးတိုင်း သာသနာရေးဦးစီးမှူးရုံးရှိ စာရင်းများအရ သိရသည်။

M-05