News

POST TYPE

LATEST NEWS POST

အပစ်ရပ် လက်မှတ်ထိုး နှစ်ဖွဲ့ တိုက်ပွဲဖြစ်
19-Oct-2018

ရန်ကုန်၊ အောက်တိုဘာ ၁၈

အပစ်ရပ်စာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်နှစ်ဖွဲ့ဖြစ်သည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) အဖွဲ့နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့ ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်ဒေသအတွင်း တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း နှစ်ဖက်အဖွဲ့ တာဝန်ရှိသူများက အတည်ပြုပြောကြားသည်။

PNLO တပ်ဖွဲ့ဝင်များက အဆိုပါဒေသတွင် ပအိုဝ်းကျေးရွာသို့ နာရေး တစ်ခုသွားရောက်စဉ်လမ်းတွင် RCSS လက်နက်ကိုင်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ ခြင်းဖြစ်ကြောင်း ပအိုဝ်းအမျိုးသားလွတ် မြောက်ရေးအဖွဲ့ချုပ် (PNLO) ဒုတိယ ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက The Voice သို့ ပြောကြားသည်။

အောက်တိုဘာလ ၁၄ ရက်တွင် တစ်ကြိမ်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာလ ၁၅ ရက်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ခြင်းမရှိခဲ့သော်လည်း ၁၆ ရက် နံနက်ပိုင်းမှ နေ့လယ်ပိုင်းအထိ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ ဒေသခံများလည်း စိုးရိမ်မှုများဖြစ်နေကြောင်း ဦးခွန်မြင့်ထွန်းက ပြောကြားသည်။

“ကျွန်တော်တို့က NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေလည်းဖြစ်တယ်။ ရှမ်းပြည်နယ်ထဲက အဖွဲ့တွေလည်းဖြစ်တယ်။ PPST လို့ခေါ်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ဝင်တွေလည်း ဖြစ်တယ်ဆိုတော့ ကျွန်တော်တို့ကြားမှာ ဒီပြဿနာကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ ဖြေရှင်းသွားမယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါဒေသသည် RCSS လက်နက်ကိုင်အဖွဲ့များ အမြဲတမ်းလှုပ်ရှားရာ ဒေသတစ်ခုဖြစ်ပြီး ပအိုဝ်းအဖွဲ့များ ရုတ်တရက် လှုပ်ရှားဝင်ရောက်လာခြင်းကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း RCSS အရာရှိတစ်ဦးကလည်း အတည်ပြုပြောကြားသည်။

ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နှင့် ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ (RCSS) လက်နက်ကိုင်နှစ်ဖွဲ့တို့သည် ပြီးခဲ့သည့် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) လက်မှတ်ထိုးခဲ့သည့် လက်နက်ကိုင်ရှစ်ဖွဲ့တွင် ပါဝင်သည့် လက်နက်ကိုင်အဖွဲ့များဖြစ်သည်။

အဆိုပါ အပစ်ရပ်လက်မှတ်မထိုးခင် ၂၀၁၄ ခုနှစ်ပိုင်းကလည်း ယင်းလက်နက်ကိုင်နှစ်ဖွဲ့တို့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး နယ်မြေအငြင်းပွားမှု ပြဿနာများ နှစ်ဖွဲ့ကြားတွင် ရှိနေခဲ့သည်။

J-08