News

POST TYPE

LATEST NEWS POST

စင်ကာပူအစိုးရက မြန်မာကျောင်းသား ၄ ဦးကို အာဆီယံပညာသင်ဆုပေး
18-Oct-2018


ရန်ကုန်၊ အောက်တိုဘာ ၁၈

စင်ကာပူ အစိုးရကပေးသည့် အာဆီယံပညာသင်ဆုကို အဋ္ဌမတန်းအောင်ပြီးသော မြန်မာကျောင်းသား ၄ ဦးရပြီး စင်ကာပူအစိုးရ အထက်တန်းကျောင်းများတွင် ကျောင်းဆက်တက်ခွင့်ရမည်ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံရုံးထံမှ သိရသည်။

ပညာသင်ဆုရသူများအနေနှင့် စင်ကာပူနိုင်ငံ အစိုးရကျောင်းများတွင် အထက်တန်းကျောင်း ၂ နှစ်၊ Pre-University ၂ နှစ် ဆက်လက် တက်ရောက်ခွင့်ရမည်ဖြစ်ကာ ကျောင်းစရိတ်အပါဝင် နေထိုင်၊ စားသောက်စရိတ် အားလုံးကို စင်ကာပူအစိုးရက ထောက်ပံမည်ဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံအမတ် Ms.Vanessa Chan က “ငယ်ငယ်ရွယ်ရွယ် ကျောင်းသားတွေကို စပြီးပေးတာပေါ့။ ဒီအရွယ်တွေက စင်ကာပူအကြောင်းကို ပိုသိဖို့ကောင်းတဲ့အရွယ်တွေဖြစ်တယ်။ သူတို့အတွက်လည်း ပိုပြီးကောင်းမွန်တယ်။ သူတို့ဆီကတော့ ဘာမှမမျှော်လင့်ပါဘူး။ ကောင်းကောင်း ကြိုးစားကြဖို့ပဲ မျှော်လင့်ပါတယ်”ဟု ပြောသည်။

စင်ကာပူအစိုးအနေနှင့် အခြေခံပညာမပြီးသေးသည့် မြန်မာကျောင်းသားများကို ပညာသင်ဆု ပေးအပ်သည့်အစီအစဉ်ကို ၂၀၁၃ ခုနှစ်မှ စတင်ခဲ့ခြင်းဖြစ်ပြီး နှစ်စဉ် ဧပြီလတွင် ပညာသင်ဆုလျှောက်လွှာများ ခေါ်ယူလေ့ရှိပြီး အင်္ဂလိပ်စာကောင်းမွန်ပြီး သင်္ချာနှင့် သိပ္ပံဘာသာရပ်ထူးချွန်သည့် အဋ္ဌမတန်းအောင်မြင်သူများ လျှောက်ထားနိုင်မည်ဖြစ်သည်။

ပညာသင်ဆုရသော နဝမတန်းကျောင်းသား မောင်ရှင်းသန့်ဝေယံက “ကျွန်တော်က အခုတော့ နဝမတန်းတက်နေတာပေါ့။ ပညာသင်ဆုကို ရှစ်တန်းအောင်ပြီး လျှောက်လိုက်တာ။ ပညာသင်ဆုရဖို့ စာမေးပွဲဖြေရသေးတယ်။ ဘယ်သူမဆို လျှောက်ခွင့်ရှိပါတယ်။ ပါသွားတော့လည်း ကိုယ့်အတွက် အခွင့်အရေးပေါ့”ဟု ပြောသည်။

အဆိုပါ အာဆီယံပညာသင်ဆု ပေးအပ်ချီမြှင့်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၁၈ ရက်မွန်းလွဲပိုင်းက မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံရုံးတွင်ပြုလုပ်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

J-19