News

POST TYPE

LATEST NEWS POST

သီတင်းကျွတ်ရုံးပိတ်ရက် လက်မှတ်မရသူများ အဝေးပြေးယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီရုံးခန်းတွင် ဝယ်ယူနိုင်မည်
18-Oct-2018


မန္တလေး၊ အောက်တိုဘာ ၁၇

သီတင်းကျွတ်ကာလ ရက်ရှည်ရုံးပိတ်ရက်တွင် ခရီးသွားသူများကြောင့် လက်မှတ်ဝယ်ယူရာတွင် အခက်အခဲရှိပါက ချမ်းမြရွှေပြည်ကားကွင်းအတွင်းရှိ အဝေးပြေးယာဉ်လုပ်ငန်းများကြီးကြပ်ရေးကော်မတီ (ယကက) ရုံးခန်း၌ မှတ်ပုံတင်ဖြင့် လာရောက်ဝယ်ယူနိုင်ကြောင်း ယင်းကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်လင်းက ပြောကြားသည်။ 

မှတ်ပုံတင်ပြ၍ ဝယ်ယူစေခြင်းမှာ မှောင်ခိုလက်မှတ်များမပေါ်ပေါက်စေရန်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ 

“သီတင်းကျွတ်ရက်ရှည်ပိတ်ရက်က အခုနှစ်မှ ပထမဆုံးကြုံရတာဆိုတော့ စောင့်ကြည့်နေပါတယ်။ ကြိုတင်ပြင်ဆင်မှုတွေလည်းလုပ်ထားတယ်။ သြင်္ကန်လောက်တော့ မရှုပ်လောက်ဘူးထင်တာပဲ” ဟု ဦးအောင်ကျော်လင်းက ရှင်းပြသည်။ 

ယင်းကာလအတွင်း ကားထွက်နိုင်သည့်အတိုင်းသာ လက်မှတ်အရေအတွက်ရောင်းချရန်နှင့် ဈေးပိုရောင်းခြင်း မပြုလုပ်ရန် ညွှန်ကြားထားကြောင်း ချမ်းမြရွှေပြည်ကားကြီးကွင်း စည်းကမ်းထိန်းသိမ်းရေးနှင့် သာယာလှပရေးကော်မတီဥက္ကဋ္ဌ ဦးသန်းနိုင် (ပန်တော်ဦး ယာဉ်အသင်း) က ပြောကြားသည်။ 

“ဂိတ်တွေကိုလည်း စိစစ်မယ်။ လက်မှတ်မှောင်ခိုသမားတွေကိုလည်း သက်ဆိုင်ရာနယ်မြေရဲစခန်းနဲ့ အရေးယူဖို့ စီစဉ်ထားတယ်” ဟု ၎င်းက ပြောဆိုသည်။ 

စက်သုံးဆီဈေးနှုန်းများ မြင့်တက်မှုကြောင့် ယခင်ရောင်းချခဲ့သောလက်မှတ် နှုန်းထားများထက် ရိုးရိုးကားလက်မှတ်တစ်စောင်လျှင် ကျပ် ၁၀၀၀ နှင့် အထူး ကားလက်မှတ်တစ်စောင်လျှင် ကျပ် ၂၀၀၀ တိုးမြှင့်ထားကြောင်း ချမ်းမြရွှေပြည်ကားကြီးကွင်း စည်းကမ်းထိန်းသိမ်းရေးနှင့် သာယာလှပရေးကော်မတီထံမှ သိရသည်။ 

ယခုနှစ် သီတင်းကျွတ်ရုံးပိတ်ရက်ကို အောက်တိုဘာလ ၂၃၊ ၂၄၊ ၂၅ ရက် အဖြစ် သတ်မှတ်ထားသည်။

M-08