News

POST TYPE

LATEST NEWS POST

သီတင်းကျွတ်ကာလ ချင်းတွင်းမြစ်တွင်းသွားရေယာဉ်များ တိုးချဲ့ပြေးဆွဲမည်
18-Oct-2018

ကလေး၊ အောက်တိုဘာ ၁၇

မုံရွာမြို့မှ အထက်ပိုင်းမြို့များသို့ ချင်းတွင်းမြစ်ကြောင်းအတိုင်း ပြေးဆွဲလျက်ရှိနေသည့် ခရီးသည်တင်ရေယာဉ်များကို လာမည့်သီတင်းကျွတ်ကာလအတွင်း တိုးချဲ့ပြေးဆွဲမည်ဖြစ်ကြောင်း ပို့ဆောင်ရေးဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီဝင်လည်းဖြစ် ကနီမြို့နယ်မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောကြားသည်။

သီတင်းကျွတ်ကာလ ရေယာဉ်များ တိုးချဲ့ပြေးဆွဲနိုင်ရေးအတွက် အောက်တိုဘာလ ၁၆ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် အဆိုပါကော်မတီမှ အဖွဲ့ဝင်လွှတ်တော်ကိုယ်စားလှယ်များ၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆွေးနွေးဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အစည်းအဝေးတွင် တိုးချဲ့ပြေးဆွဲရန်သာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး မည်သည့်နေ့၌ စတင်၍ပြေးဆွဲမည်နှင့် ယာဉ်အစင်းရေ မည်မျှတိုးမည်ဆိုသည်ကို ယာဉ်လိုင်းပိုင်ရှင်များနှင့် ရ.စ.က မှ တာဝန်ရှိသူများက အသေးစိတ်ထပ်မံညှိနှိုင်းမည်ဖြစ်ကြောင်း ဦးထွန်းထွန်းဝင်းက ပြောဆိုသည်။

“လိုအပ်ရင် လိုအပ်သလို တိုးချဲ့ ပြေးဆွဲခွင့်ရှိတယ်ဆိုတာ ဥပဒေထဲမှာ ပြဋ္ဌာန်းထားတယ်။ နောင်နှစ်ပေါင်းများစွာ အောင်စိုးမိုးကျော် ရေယာဉ်ဖြစ်သလို အဖြစ်ဆိုးတွေ မကြုံရအောင် တတ်နိုင်သလောက် ကာကွယ်စောင့်ရှောက်သွားမှာပါ”ဟု ၎င်းက ဆိုသည်။

သီတင်းကျွတ်ကာလသည် ချင်းတွင်းမြစ်အထက်ပိုင်းရှိ နာဂဒေသတွင် တာဝန်ထမ်းဆောင်နေသည့်ဝန်ထမ်းများ၊ ခန္တီး၊ ဟုမ္မလင်းနှင့် ဖောင်းပြင်မြို့တို့တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနေရပ်သို့ ပြန်ချိန်ဖြစ်ရာ ခရီးသည်အများအပြား စုပြုံခရီးသွားလာသည့်ကာလဖြစ်သည့်အပြင် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်ရှိ မြို့နယ်များတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ၏သွားလာမှုသည် ချင်းတွင်းမြစ်ကြောင်းတစ်ခုတည်းသာရှိသည့်အတွက် ခရီးသည်များအန္တရာယ်ကင်းစွာ သွားလာနိုင်ရေးအတွက် ယင်းသို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

“အသင်းတိုးချဲ့တာမဟုတ်ဘဲနဲ့ တစ်စင်းပြည့်ခဲ့လို့ရှိရင် တာဝန်ကျတဲ့အသင်းကနေပြီးတော့ နောက်တစ်စင်းထပ်ပြီး တိုးပေးရတာမျိုး အဲဒီလိုမျိုးဆိုရင်တော့ အဆင်ပြေပါတယ်။ လက်ရှိ မော်တော်တွေမှာ ဖြစ်နေတဲ့ အခက်အခဲတစ်ခုက အမြန်ယာဉ်တစ်စင်းမှာ ခုံ ၂၀၀ ပါတယ်ဆိုရင် ၁၁၀ ပဲ တင်ရတယ်။ ကျန်တဲ့ ၉၀ က အလွတ်ထားရတယ်။ လမ်းမှာတင်ရင်လည်း ဒဏ်ရိုက်ခံရတယ်။ ကျွန်တော်တို့ ဖြစ်စေချင်တဲ့ ဆန္ဒကတော့ မော်တော်တစ်စင်း ခုံ ၁၅၀ ရှိတယ်ဆိုရင် လူ ၁၅၀ အပြည့်တင်ဆောင်ခွင့်ရချင်တယ်”ဟု MGRG ယာဉ်လိုင်းတာဝန်ခံ ဦးစိုးမင်းထွန်းက ပြောဆိုသည်။

ချင်းတွင်းမြစ်ရိုးအတိုင်း မုံရွာမြို့နှင့် အထက်ပြေးဆွဲနေသည့် ခရီးသည်တင်ရေယာဉ်အသင်း ၁၀ သင်းရှိပြီး ရေယာဉ်အစင်းရေ ၁၃၀ ရှိကြောင်း ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲရေး ကော်မတီ(မုံရွာ)ထံမှ သိရသည်။

R-20