News

POST TYPE

LATEST NEWS POST

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ဗဟိုကော်မတီဝင် ကိုနှင်းအောင်နှင့် တွေ့ဆုံခြင်း
18-Oct-2018
“ရဲဝန်ထမ်းတွေ ရိုက်နှက်တဲ့အတွက် ကျောင်းသားသမဂ္ဂအဖွဲ့အစည်းတွေနဲ့ တိုင်ပင်နေတယ်။ တရားပြန်စွဲဖို့ ပြင်ဆင်နေပါတယ်”



ဖုယွင်အထည်ချုပ်စက်ရုံအလုပ်သမားသပိတ်ကို လူတစ်စုက အကြမ်းဖက်ဖြိုခွင်းခဲ့မှုအပေါ် ရှုတ်ချကြောင်း အောက်တိုဘာ ၁၆ ရက် ညက မြေနီကုန်းခုံးကျော်တံတားအောက်တွင် ဆန္ဒပြခဲ့သူများကို အရပ်ဝတ်လူတစ်စုက ဖမ်းဆီးခဲ့ရာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂမှ ဗဟိုလုပ်ငန်းကော်မတီဝင် ကိုနှင်းအောင်နှင့် ကိုဝေယံဦးတို့ကို ဖမ်းဆီးမိပြီး စမ်းချောင်းမြို့နယ်ရဲစခန်းက ငြိမ်း၊ စု၊ စီ ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ခဲ့သည့်ဖြစ်စဉ်နှင့် ပတ်သက်၍ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂမှ ဗဟိုကော်မတီဝင် ကိုနှင်းအောင်ကို The Voice သတင်းစာက ဆက်သွယ်မေးမြန်းထားသည်ကို ကောက်နုတ်ဖော်ပြပါသည်။

Voice : မနေ့ညက ဒဂုံစင်တာအနီးမှာဖြစ်ခဲ့တဲ့ အခြေအနေ ပြောပြပေးပါ။
KHA : ဖုယွင်အလုပ်သမားသပိတ် ၂လကြာနေပြီး အလုပ်သမားသပိတ်ကို အလုပ်ရှင်က လူမိုက်ငှားပြီး အကြမ်းဖက်ဖြေရှင်းတာကို အစိုးရက လျစ်လျူရှုထားတာကို မေးခွန်းထုတ်တဲ့အနေနဲ့ ကျွန်တော်တို့ ဒဂုံစင်တာနားမှာ လမ်းလျှောက်တယ်။ ဒဂုံစင်တာ ၁ နဲ့ ဒဂုံစင်တာ ၂ ကြားမှာ အရပ်ဝတ်နဲ့ လူ ၁၀ ယောက်လောက်က ဘာမှစစ်ဆေးမေးမြန်းတာမရှိဘဲ လုပ်ထုံးလုပ်နည်းနဲ့ဆန့်ကျင်ပြီး လူမဆန်စွာ ရိုက်နှက်ပြီး ဖမ်းခေါ်သွားတယ်။ အကြမ်းဖက် ဖမ်းခံရတယ်။ ဘယ်သူလဲ မေးချိန်တောင်မရဘူး လူဆိုးတွေကို ဖမ်းသလို ဖမ်းပါတယ်။ ရဲကားနဲ့ခေါ်တာမဟုတ်ဘူး။Taxi ကားနဲ့ ခေါ်သွားတယ်။ လက်ထိတ်ခတ်သွားတယ်။

Voice : စမ်းချောင်းရဲစခန်းကို ခေါ်သွားတယ်လို့ သိရတယ်။ အဲဒီမှာရော ဘယ်လိုတွေ ဆက်ကြုံရလဲ။ 
KHA : ရဲစခန်းမှာ စစ်ဆေးတော့ ငြိမ်း၊ စု၊ စီ ဥပဒေနဲ့ ငြိစွန်းလို့ ဖမ်းတယ်ပြောတယ်။ ပုဒ်မ (၁၉) နဲ့ ရုံးတင် စစ်ဆေးမယ်ပြောတယ်။ အခုက အာမခံနဲ့ ပြန်လွှတ်ပေးလိုက်တယ်။ အဲဒီအချိန်မှာ ကျွန်တော့်ကို ခတ်ထားတဲ့လက်ထိတ်က ကျပ်နေလို့ လျှော့ပေးပါလို့ပြောတော့ ကျွန်တော့်ကို မင်းက ဘာကောင်လဲဆိုပြီး ရဲဝန်ထမ်းခုနစ်ယောက်လောက်က ဝိုင်းထိုးတယ်။

Voice : မနေ့က ကြုံခဲ့ရတာတွေနဲ့ပတ်သက်လို့ ဘာဆက်လုပ်ဖို့ရှိလဲ။
KHA : ဖမ်းခံရတဲ့ နှစ်ယောက်လုံး ရိုက်ခံရတယ်။ ကိုဝေယံဦးကတော့ ထိခိုက်ဒဏ်ရာမရဘူး။ လက်ထိတ်ခတ်တာကျပ်တော့ ဒဏ်ရာရတယ်။ ကျွန်တော်ကတော့ ဝိုင်းထိုးထားလို့ မျက်နှာဖူးရောင်နေတယ်။ လက်မှာထိခိုက်တဲ့ဒဏ်ရာ အခုထိရှိတယ်။ မေးရိုးကို ဓာတ်မှန်ရိုက်ဖို့ရှိတယ်။ ဆေးစစ်ချက်တွေရရင် အမှုပြန်ဖွင့်ပါမယ်။ ရဲဝန်ထမ်းတွေ ရိုက်နှက်တဲ့အတွက် ကျောင်းသားသမဂ္ဂအဖွဲ့အစည်းတွေနဲ့ တိုင်ပင်နေတယ်။ တရားပြန်စွဲဖို့ ပြင်ဆင်နေပါတယ်။

Voice : ဖုယွင်သပိတ်နဲ့ပတ်သက်ပြီး ဘာတွေဆက်လုပ်ဖို့ရှိသလဲ။
KHA : အစိုးရအနေနဲ့ လက်ရှိဖြစ်နေတဲ့ ဖုယွင်အလုပ်သမားသပိတ်တောင်းဆိုချက်တွေကို အကြမ်းဖက်ခံရတာတွေကို အစိုးရဖြေရှင်းပေးဖို့ အမြန်ဆုံးလုပ်ပေးဖို့ လိုအပ်ပြီလို့ ပြောချင်တယ်။ မနေ့က ဖမ်းခံရတာနဲ့ ပတ်သက်ပြီး ရဲဝန်ထမ်းတွေ လုပ်ထုံးလုပ်နည်း ဥပဒေတွေကို ဘောင်ကျော်ပြီး အရပ်ဝတ်တွေနဲ့ ဖမ်းဆီးတဲ့အတွက် ဆန့်ကျင်တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ထပ်ပြီး လှုပ်ရှားမှု ဆက်လုပ်သွားမှာပါ။

Voice : မနေ့ကဖြစ်စဉ်ရော၊ ဖုယွင်အလုပ်သမားသပိတ်နဲ့ရော ပတ်သက်ပြီး ဖြည့်ပြောစရာများရှိသေးလား။
KHA : လက်ရှိအစိုးရရဲ့ အာဘော်အရတော့ ပြုပြင်ပြောင်းလဲရေးလုပ်နေပါတယ်လို့ တသွင်သွင်ပြောနေတယ်။ ဒီမိုကရေစီအစိုးရက နိုင်ငံသစ်ကို ချီတက်နေပါတယ်လို့  တကြော်ကြော်ပြောနေသော်လည်း ဟိုအရင်က လုပ်ရပ်တွေအတိုင်း၊ ဟိုနဂိုအတိုင်း အနှစ်သာရ မပြောင်းလဲသေးဘူး။ ဆက်ပြီး ကျွန်တော်တို့ တောင်းဆိုရဦးမယ်။ ရဲတပ်ဖွဲ့တွေက အရပ်ဝတ်တွေနဲ့ အဲဒီလိုမျိုး ရဲစည်းကမ်းနဲ့မညီတဲ့လုပ်ရပ်ကို ရှုတ်ချတယ်၊ ကန့်ကွက်တယ်။ ဖုယွင်အလုပ်သမားသပိတ်ကို ဖြေရှင်းပေးဖို့ တိုက်တွန်းပါတယ်။ 

ခင်မြတ်မြတ်ဝေ