News

POST TYPE

LATEST NEWS POST

ချစ်သူစုံတွဲထံမှ ငွေနှင့် လက်ကိုင်ဖုန်း လုယူထွက်ပြေးသူ လှည့်ကင်းရဲနှင့် ပက်ပင်းတိုး
17-Oct-2018

ရန်ကုန်၊ အောက်တိုဘာ ၁၇

မြောက်ဥက္ကလာပမြို့နယ် (င) ရပ်ကွက်၊ သန္တာ ၁၇ လမ်းရှိ ကန်ပေါင်ပေါ်တွင် ချိန်းတွေ့နေသည့် ချစ်သူစုံတွဲကို ဓားနှင့်ထောက်ပြီး ငွေနှင့် လက်ကိုင်ဖုန်း လုယူထွက်ပြေးသူ နှစ်ဦးမှ တစ်ဦးသည် လှည့်ကင်းရဲနှင့် ပက်ပင်းတိုးမိရာမှ ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

လုယက်မှု ကျူးလွန်သူနှစ်ဦးမှာ အောက်တိုဘာလ ၁၅ ရက် ည ၈ နာရီက သန္တာ ၁၇ လမ်းရှိ ကန်ပေါင်ပေါ်တွင် ချိန်းတွေ့နေသော ချစ်သူစုံတွဲကို ဓားဖြင့် ထောက်၍ “အောင်ရင် သတ်ပစ်မည်”ဟု ခြိမ်းခြောက်ပြောဆိုကာ လက်ကိုင်ဖုန်းနှစ်လုံးနှင့် ငွေကျပ် ခြောက်ထောင်ကို လုယူခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်အရ သိရသည်။

“လည်ပင်းကို ဓားနဲ့ထောက်ပြီး ငွေနဲ့ဖုန်းကို လုယူသွားတဲ့ နှစ်ယောက်က ပြန်လှည့်ထွက်သွားချိန်မှာ အလုခံရတဲ့ စုံတွဲက ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းတယ်။ အော်သံကြားလို့ ထွက်ပြေးတဲ့ လုယက်မှု ကျူးလွန်သူ နှစ်ယောက်ထဲမှ တစ်ယောက်က လှည့်ကင်းရဲနဲ့ ပက်ပင်းတိုးမိပြီး အဖမ်းခံလိုက်ရတယ်။ ကျန်တစ်ယောက်တော့ လွတ်သွားတယ်”ဟု ရဲအရာရှိက ဆိုသည်။

ဖမ်းမိသူ အသက် ၂၀ နှစ်ရှိ ကြက်ဖ (ခ) ကောင်းမြတ်သူမှာ သန္တာ (၄) လမ်းတွင် နေထိုင်သူဖြစ်ပြီး ၎င်းထံမှ ဓားမြောင်တစ်ချောင်းကို သိမ်းဆည်းရမိကြောင်း၊ လွတ်မြောက်သွားသူမှာ သန္တာ (၉)လမ်းတွင် နေထိုင်သည့် အသက် ၂၁ နှစ်ရှိ ဇူလိုင်မိုးဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပြီးနောက် ဖမ်းမိသူနှင့် လွတ်မြောက်နေသူတို့ကို မြောက်ဥက္ကလာပမြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၈၆ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

S-03