News

POST TYPE

LATEST NEWS POST

ကျပ်တစ်ထောင်တန်ထီ လာမည့်နှစ် ဖေဖော်ဝါရီတွင် စရောင်းမည်
17-Oct-2018

ရန်ကုန်၊ အောက်တိုဘာ ၁၆

ကျပ်သိန်းပေါင်းတစ်သောင်းခွဲအထိ အမြင့်ဆုံးဆုကြေးပေးမည့် ကျပ်တစ်ထောင်တန် ထီလက်မှတ်များကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ရောင်းချမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနထံမှ သိရသည်။

ကျပ်တစ်ထောင်တန် ထီလက်မှတ်၏ အမြင့်ဆုံးဆုကြေးကို ကျပ်သိန်းပေါင်းတစ်သောင်းခွဲသာ သတ်မှတ်ထားသော်လည်း ပေါက်မဲဆုအရေအတွက်ကို ကျပ်ငါးရာတန်ထီလက်မှတ် ပေါက်မဲအရေအတွက်ထက် နှစ်ဆကျော်၊ ဆုမဲပေါင်းနှစ်သိန်းကျော်အထိ တိုးမြှင့်ထားကြောင်း အဆိုပါဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင်က ပြောကြားသည်။

“ဆုကြေးက ၅၀၀ တန်ထီထက် နှစ်ဆမဖြစ်တာက ဆုမဲအရေအတွက်တိုးပြီး အများပြည်သူကို များများပေါက်စေချင်လို့ လုပ်ထားတာ” ဟု ၎င်းကဆိုသည်။ 

ကျပ်တစ်ထောင်တန်ထီတွင် အမြင့်ဆုံးဆုကြေးအဖြစ် ကျပ်သိန်းပေါင်းတစ်သောင်းခွဲ သတ်မှတ်ထားပြီး အနိမ်ဆုံးဆုကြေးမှာ ကျပ်ငါးသောင်းဖြစ်ကြောင်း၊ ရောင်းချရသည့် ထီလက်မှတ်အရေအတွက်အပေါ်မူတည်ပြီး ဆုမဲအရေအတွက်သည် အတိုးအလျှော့ရှိမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က ကျပ်နှစ်ရာတန်ထီလက်မှတ်အပြင် ကျပ်ငါးရာတန်ထီလက်မှတ်ကိုပါ ထပ်တိုးကာ ရောင်းချခဲ့ပြီး အမြင့်ဆုံးဆုကြေးငွေကို ကျပ်သိန်းတစ်သောင်းအထိ တိုးမြှင့်သတ်မှတ်ခဲ့သည်။

ထီလက်မှတ်များ ဈေးနှုန်းတင်ရောင်းမှုများကို လျှော့ချရန်အတွက် ကိုယ်စားလှယ်တိုင်းကို စရန်ငွေထားပြီး လိုသလောက်ထီလက်မှတ်အရေအတွက်ကို ထုတ်ရောင်းချပေးလျက်ရှိကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနထံမှ သိရသည်။

J-01