News

POST TYPE

LATEST NEWS POST

ဖုယွင်အလုပ်သမားသပိတ်ကို ရန်ကုန်တိုင်းအစိုးရ တိုက်ရိုက်ဖြေရှင်းမည်ဟု တိုင်းဝန်ကြီးပြော
17-Oct-2018



ရန်ကုန်၊ အောက်တိုဘာ ၁၆

ဖုယွင်အလုပ်သမားသပိတ် နောက်ဆုံးအဆင့် ညှိနှိုင်းမှုမပြေလည်သောကြောင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့က တိုက်ရိုက်ကိုင်တွယ်ဖြေရှင်းမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာနှင့် အလုပ်သမားဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။

“ဒီသပိတ်ကလနဲ့ချီနေပြီး ညှိနှိုင်းနေတာ အဆင်မပြေဘူး။ အလုပ်ရှင်ကလည်း ဥပဒေကို မလိုက်နာဘူး။ အလုပ်သမားဘက်ကလည်း မလိုက်နာဘူး။ အခုအစည်းအဝေး လုပ်နေတယ်။ တိုင်းအစိုးရအဖွဲ့အနေနဲ့ တိုက်ရိုက်ကိုင်တွယ်မယ်” ဟု ၎င်းက ဆိုသည်။

ဖုယွင်စက်ရုံကို ဥပဒေအရတရားစွဲပါက အမည်ခံထားသူ မိမိနိုင်ငံသားသာ ထောင်သုံးလကျမည်ဖြစ်ကြောင်း၊ ယင်းကြောင့် နှစ်ဖက်လုံးအတွက်အဆင်ပြေစေရန် အစိုးရအဖွဲ့အနေနှင့်သက်ညှာသည့် နည်းလမ်းဖြင့် ဖြေရှင်းရန်ရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

မည့်သို့ ကိုင်တွယ်ဖြေရှင်းမည်ဆိုသည်ကိုမူ ထည့်သွင်းပြောကြားခြင်းမရှိပေ။

“ဖုယွင် စက်ရုံကို ဥပဒေအရ အလုပ်ရှင်ကို တရားစွဲရင်လည်း ကိုယ့်နိုင်ငံသားက နာမည်ခံထားတာ ထောင် ၃ လကျမယ်။ ကိုယ့်နိုင်ငံသားပဲခံရမှာ။ အဲတော့ နှစ်ဖက်လုံးအတွက် အဆင်ပြေအောင် အခု ရန်ကုန်တိုင်းအစိုးရအဖွဲ့အနေနဲ့ အသက်ညှာဆုံးနည်းလမ်းနဲ့ ဖြေရှင်းသွားမယ်” ဟု ပြောဆိုသည်။ 

အလုပ်ရှင်၊ အလုပ်သမား ညှိနှိုင်းမှုကို မြို့နယ်၊ တိုင်း၊ ခရိုင် အဆင့်ဆင့် ညှိနှိုင်းခဲ့သော်လည်း ပြေလည်မှုမရသဖြင့် ဆက်လက်ဆန္ဒပြလျက်ရှိစဉ် အောက်တိုဘာလ ၁၅ ရက်က ပဋိပက္ခဖြစ်ပွားခဲ့သည်။

အောက်တိုဘာလ ၁၆ ရက်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ဒဂုံဆိပ်ကမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြစိန်ဦးဆောင်၍ အလုပ်သမားညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်အပါအဝင် ဖုယွင်စက်ရုံပိုင်ရှင်နှင့် အလုပ်သမားသမဂ္ဂ ခုနစ်ဦး နောက်ဆုံးအကြိမ် ညှိနှိုင်းခဲ့ရာတွင် လုံးဝပြေလည်မှု မရခဲ့ပေ။

နှစ်ဖက်ညှိနှိုင်းမှု မပြေလည်ပါက ပြဿနာပိုမိုကြီးထွားလာနိုင်ကြောင်းနှင့် နှစ်ဖက်စလုံးတွင် ဘေးပယောဂ ရှိနေကြောင်း ဒဂုံ ဆိပ်ကမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြစိန်က မှတ်ချက်ပြုပြောကြားသည်။

“ရန်ကုန်တိုင်းအလုပ်သမားဝန်ကြီးနဲ့ အစိုးရအဖွဲ့ကို တင်ပြထားတယ်” ဟု ၎င်းကဆိုသည်။

ညှိနှိုင်းပွဲတွင် ဖုယွင်စက်ရုံပိုင်ရှင်က “အယောက် ၃၀ ကိုပြန်ခန့်ဖို့ အရင်တုန်းက စဉ်းစားခဲ့ဖူးတယ်။ တစ်နှစ်တည်းအတွင်းမှာ ပထမတစ်ကြိမ်ဆန္ဒပြမှုဖြစ်ခဲ့ပြီးပြီ၊ ပြန်ခန့်ဖို့ကို လုံးဝမစဉ်းစားတော့ပါဘူး” ဟု ဆိုသည်။

ညှိနှိုင်းမှု မပြေလည်ခဲ့သည့်အတွက် ဖုယွင်အလုပ်သမားများက တောင်းဆိုချက်များ မရမချင်းဆက်လက် သပိတ်အရှိန်မြှင့်ဆောင်ရွက်မည်ဟု အလုပ်သမားသမဂ္ဂဥက္ကဋ္ဌ မသက်ထားဆွေက ပြောကြားသည်။

အောက်တိုဘာလ ၁၅ ရက်က စက်ရုံရှေ့၌ ပဋိပက္ခဖြစ်ပွားချိန်တွင် ရဲတပ်ဖွဲ့ဝင်များကို ခဲနှင့်ပစ်ပေါက်ခြင်း၊ ဆဲဆိုခြင်းရှိသောကြောင့် ရပ်ကွက်နေသူ ၃ ဦးကို ခြေချုပ်ဖြင့် အရေးယူထားကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့ဒုတိယရဲမှူးကြီး ကျော်စိုးလွင်က ပြောကြားသည်။

လက်ရှိတွင် အလုပ်ရှင်နှင့်အလုပ် သမားနှစ်ဖက်အပြန်အလှန် အမှုဖွင့်ထားကြောင်း ၎င်းကပြောကြားသည်။

“လုံခြုံရေး အခြေအနေကို ၂၄ နာရီ စောင့်ကြည့်မယ်။ ပဋိပက္ခမဖြစ်အောင်သာ လာထိန်းတာပါ။ စက်ရုံက ငှားထားတဲ့ လူတစ်စုလို့ပြောတာပဲ။ ကျွန်တော်တို့ ရောက်ချိန်မှာ ဒီလူတွေမတွေ့ဘူး” ဟု ၎င်းက ဆိုသည်။

ဖုယွင်စက်ရုံက အလုပ်သမား သမဂ္ဂအဖွဲ့ဝင် ၃၀ ကို အလုပ်က ထုတ်ရာမှ အလုပ်သမားများဆန္ဒပြသပိတ် တိုက်ပွဲဝင်ခဲ့သည်မှာ ဩဂုတ်လ တတိယပတ်မှ ယနေ့အထိ ၂ လခန့်ရှိပြီ ဖြစ်သည်။

J-18