News

POST TYPE

LATEST NEWS POST

နှစ် ၃၀ ကျော်ကြာ ရပ်နားထားသည့် လောင်းလှေပြိုင်ပွဲ မင်းကင်းတွင် ပြန်ကျင်းပမည်
16-Oct-2018

ကလေး၊ အောက်တိုဘာ ၁၆ 

စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့အနီး ချင်းတွင်းမြစ်အတွင်း ရွှေစကား မြတ်စွာဘုရားပွဲ အထိမ်းအမှတ်အနေနှင့် ပြိုင်ပွဲမကျင်းပသည်မှာ နှစ်ပေါင်း ၃၀ ကျော် ကြာနေပြီဖြစ်သည့် လောင်းလှေပြိုင်ပွဲကို ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်းက ပြောကြားသည်။ 

အဆိုပါ ပြိုင်ပွဲကို အောက်တိုဘာလ ၂၉ ရက်နေ့တွင် ဖွင့်ပွဲပြုလုပ်ပြီး အောက်တိုဘာလ ၃၁ ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။

လောင်းလှေပြိုင်ပွဲတွင် မင်ကင်းမြို့နယ်အတွင်းရှိ ကျွန်းတော်ကျေးရွာ၊ ယုံသာကျေးရွာ၊ ကြီးတောင်ဦးကျေးရွာနှင့် ခုန်သာကျေးရွာမှ လောင်းလှေအသင်း လေးသင်းက ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြိုင်ပွဲကို ချင်းတွင်းမြစ်အတွင်း ရေစုန် ငါးဖာလုံအကွာအဝေးကို လူဦးရေ ၂၀ က လှော်ခတ်ပြီး ယှဉ်ပြိုင်သည့်အနေနှင့် လေးသင်းပတ်လည်စနစ်ဖြင့် ကျင်းပမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေး ကော်မတီထံမှ သိရသည်။

“လောင်းလှေပြိုင်ပွဲ ကျင်းပတယ်ဆိုတာ မြန်မာနိုင်ငံမှာ တော်တော်လေး ရှားသွားပြီး အဲဒီတော့ မြန်မာ့ရိုးရာ လောင်းလှေတွေတွေ ကွယ်ပျောက်မသွားအောင် လောင်းလှေပြိုင်ပွဲ မကျင်းပကြတော့ ခုခေတ်ကလေးတွေလည်း လောင်းလှေပြိုင်ပွဲတွေဆိုတာ မသိကြတော့ဘူး။ အဲဒီတော့ ရိုးရာလောင်းလှေပြိုင်ပွဲကို ပြန်လည်ဖော်ထုတ်တဲ့အနေနဲ့ ကျင်းပတာ”ဟု ကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်းက ပြောဆိုသည်။

လောင်းလှေပြိုင်ပွဲ မကျင်းပသည်မှာ ကြာပြီဖြစ်သဖြင့် လောင်းလှေများ တဖြည်းဖြည်း ရှားပါးလာခြင်း ရှိသည့်လောင်းလှေများမှာလည်း ပြင်ဆင်စရိတ် ကြီးမြင့်ခြင်းတို့ကြောင့် ဝင်ရောက်ယှဉ်ပြိုင်သည့်အသင်း နည်းပါးရခြင်းဖြစ်ကြောင်း လာမည့်နှစ်တွင်မူ လောင်းလှေပြိုင်ပွဲ ပါဝင်နိုင်ရန်အတွက် အခြားမြို့နယ်များမှ ဝင်ရောက်ယှဉ်ပြိုင်လိုသည့် အသင်းများကိုလည်း ဖိတ်ခေါ်မည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီထံမှ သိရသည်။

ချင်းတွင်းမြစ်အတွင်း လှေလှော်ပြိုင်ပွဲအနေနှင့် ယခုနှစ် မတ်လအတွင်းက ကလေးဝမြို့နယ်တွင် အသင်းပေါင်း ၂၉ သင်းဖြင့် သုံးရက်ကြာ ကျင်းပခဲ့သည်။

R-20