News

POST TYPE

LATEST NEWS POST

နှစ် ၂၀ ပိတ်ထားသည့် အောင်ဆန်း စက်မှုလက်မှု အထက်တန်းကျောင်း ပြန်ဖွင့်မည်
16-Oct-2018

ရန်ကုန်၊ အောက်တိုဘာ ၁၆

နှစ် ၂၀ ခန့် ပိတ်ထားသည့် အင်းစိန်မြို့နယ် စဥ့်ငူအောင်ဆန်းရပ်ရှိ အောင်ဆန်းစက်မှုလက်မှု အထက်တန်းကျောင်းကို ဂျီတီအိုင်အဆင့် ဂျပန်-မြန်မာ အောင်ဆန်း သက်မွေးပညာကျောင်းအဖြစ် ပြန်ဖွင့်မည်ဖြစ်ကြောင်း နည်းပညာနှင့် သက်မွေးပညာလေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနေမျိုးထွန်းက The Voice သတင်းစာသို့ ပြောကြားသည်။

အဆိုပါကျောင်းပြန်ဖွင့်ရေး၊ အဆင့်မြှင့်တင်ရေး၊ ကျောင်းဆောင်သစ်များ ဆောက်လုပ်ရေးအတွက် ပညာရေးဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ရန်ကုန်တိုင်း အစိုးရတာဝန်ရှိသူများ၊ အင်းစိန်မြို့နယ် လွှတ်တော်အမတ်များ အောက်တိုဘာ ၁၄ ရက်က တွေ့ဆုံပြီး အဆိုပါကျောင်းတွင် ဆွေးနွေးခဲ့ကြသည်။

ကျောင်းပြန်ဖွင့်နိုင်ရေးနှင့် အဆင့်မြှင့်ရန် ပင်မဆောင်ကို ဖြိုဖျက်မည်ဖြစ်ပြီး ပြန်လည် တည်ဆောက်ရေးလုပ်ငန်းအတွက် ဂျပန်အစိုးရက ဒေါ်လာသန်း ၂၀ အသုံးပြု၍ ၂၀၂၁ ခုနှစ်တွင် အဆောင်များ အပြီးပြုပြင်ဆောက်လုပ်မည်ဖြစ်ကြောင်း ဆွေးနွေးရာတွင် ပါဝင်ခဲ့သည့် အင်းစိန်မြို့နယ် အမှတ် (၂) မဲဆန္ဒနယ် တိုင်းလွှတ်တော်အမတ် ဦးဝေဖြိုးဟန်က ပြောသည်။ 

လွတ်နေသော အဆောင်များတွင်မူ တက္ကသိုလ်ဝင်တန်းအောင်များ တက်နိုင်မည့် Auto Mobile Maintenance နှင့် Electrical Power ဘာသာရပ်နှစ်ခုကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှစ၍ ပထမနှစ်သင်တန်းဖွင့်ကာ ဘာသာရပ်တစ်ခုလျှင် ကျောင်းသား၊ ကျောင်းသူ ၄၀ ဦးစီ လက်ခံသင်ကြားရန် စီစဉ်နေကြောင်း ၎င်းကဆိုသည်။

“ကျောင်းက ဒီတိုင်းကြီး ပိတ်ထားတာဗျ။ ကျွန်တော်တို့လည်း လွှတ်တော် အမတ်မဖြစ်ခင်က ပိတ်ထားတာပဲသိတာ။ ဘယ်သူကမှ ပွင့်လင်းမြင်သာစွာ ချမပြခဲ့ဘူး။ ဒီဟာက ပညာရေးဝန်ကြီးဌာနကပဲ ပိုင်သလိုလို၊ စက်မှုဝန်ကြီးဌာနကပဲ ပိုင်သလိုလိုပေါ့။ ဘယ်ဝန်ကြီးဌာနက ပိုင်မှန်းမသိဘဲ ပျက်စီးယိုယွင်းသွားတာပေါ့။ အဲဒါကို ပြန်အဆင့်မြှင့်တဲ့အခါ နိုင်ငံတော်အတိုင်ပင်ခံရဲ့ ကြိုးစားအားထုတ်မှုလည်းပါတယ်။ ဂျပန်အစိုးရကလည်း ကူညီတာပေါ့”ဟု ဦးဝေဖြိုးဟန်က ပြောသည်။

အဆိုပါကျောင်းကို ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးနောက် ပြန်လည်တည်ထောင်ရေးရုံးအဖြစ် အသုံးပြုခဲ့ပြီး ၁၉၆၃ ခုနှစ်တွင် Industrail Trade School အဖြစ် ဖွင့်လှစ်ခဲ့ပြီး ၁၉၈၂ ခုနှစ်တွင် အစိုးရ စက်မှုလက်မှု အထက်တန်းကျောင်းအဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့သည်။ ထို့နောက် ၁၉၉၉ ခုနှစ်မှစ၍ ပိတ်ထားခဲ့ခြင်းဖြစ်သည်။

J-19