News

POST TYPE

LATEST NEWS POST

ထမင်းခူးမကျွေးသည့် ဇနီးကို ကတ်ကြေးနှင့်ထိုးခဲ့သူ အမျိုးသားအား လူသတ်မှုပုဒ်မဖြင့် အရေးယူ
16-Oct-2018

ရန်ကုန်၊ အောက်တိုဘာ ၁၅

ဒေါပုံမြို့နယ်၊ ဗိုလ်ထွန်းဇံရပ်ကွက် ဗိုလ်မြတ်ထွန်းလမ်းရှိ နေအိမ်တစ်လုံးတွင် ထမင်းခူးမကျွေးသည့်ကိစ္စဖြင့် လင်မယားနှစ်ဦး စကားများရန်ဖြစ်ရာမှ ကတ်ကြေးဖြင့်ထိုးခံရသည့် အမျိုးသမီးမှာ သေဆုံးခဲ့သောကြောင့် အပြင်းအထန်နာကျင်စေမှုမှ လူသတ်မှုပုဒ်မသို့ ပြောင်းလဲအမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

“ရင်ညွန့်ကို ကတ်ကြေးနဲ့ အထိုးခံရတဲ့အမျိုးသမီးက မနေ့ညနေပိုင်းက ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရင်း ဆုံးသွားရှာတယ်။ ဒါကြောင့် ကတ်ကြေးနဲ့ထိုးတဲ့ သူ့အမျိုးသားကို လူသတ်မှုပုဒ်မပြောင်းပြီး အမှုဖွင့်အရေးယူထားတယ်” ဟု ရဲအရာရှိက ပြောသည်။ 

သေဆုံးသူ အသက် ၄၆ နှစ် အမျိုးသမီးမှာ အောက်တိုဘာလ ၁၄ ရက် နံနက် ၂ နာရီဝန်းကျင်က ဗိုလ်မြတ်ထွန်းလမ်းရှိ ၎င်း၏နေအိမ်တွင်ရှိနေချိန် ခင်ပွန်းဖြစ်သူက ထမင်းခူးမကျွေးသည့်ကိစ္စဖြင့် ကတ်ကြေးဖြင့် ထိုးခဲ့သည်။

ဇနီးဖြစ်သူကို ကတ်ကြေးဖြင့်ထိုးသည့် အသက် ၄၆ နှစ် မောင်ထွေးကို ရဲတပ်ဖွဲ့က ဖမ်းဆီး၍ အပြင်းအထန်နာကျင်စေမှု ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့် အရေးယူထားပြီးနောက် ရင်ညွန့်တွင်ထိုးသွင်းဒဏ်ရာတစ်ချက် ရရှိခဲ့သည့် အမျိုးသမီးကို ဆေးရုံတင်ပို့ခဲ့ပြီးနောက် အောက်တိုဘာလ ၁၄ ရက် ညနေပိုင်းတွင် ယင်းအမျိုးသမီးမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ အရေးပေါ်လူနာကုသဌာနတွင် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03