News

POST TYPE

LATEST NEWS POST

ဝက်လက်တွင် မိုးဆက်တိုက်ရွာ၍ နှမ်းခင်းများပျက်
16-Oct-2018


ကလေး၊ အောက်တိုဘာ ၁၅ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်အတွင်း မိုးဆက်တိုက်ရွာသွန်းခဲ့ခြင်းကြောင့် ဆောင်းနှမ်းပင်ခြေရင်းများ ရိကာပျက်စီးခဲ့ကြောင်း ဝက်လက်မြို့နယ်အတွင်းရှိ ဆောင်းနှမ်းစိုက်တောင်သူများထံမှ စုံစမ်းသိရှိရသည်။ 

ဝက်လက်မြို့နယ်အတွင်း လွန်ခဲ့သည့် ၁၀ ရက်ခန့်မှစ၍ ဆက်တိုက်ရွာသွန်းခဲ့ သည့် မိုးကြောင့် အောက်တိုဘာလ ၁၅ ရက်နေ့တွင် နှစ်လနီးပါးအရွယ်ရှိနေပြီး အပွင့်များစတင်လိုက်နေပြီဖြစ်သည့် ဆောင်းရာသီတွင် ရိတ်သိမ်းရသည့် ဆောင်းနှမ်းပင်များ ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

နှမ်းစိုက်ခင်းများပျက်စီးမှုအနေဖြင့် ဝက်လက်မြို့နယ် ဖိုးဝင်တပ်ကျေးရွာတွင် ဧက ၇၀ ခန့် စိုက်ပျိုးကြသည့်အနက် ၁၀ ဧကကျော် ပျက်စီးခဲ့သည်ဟု မိုးဆက်တိုက်ရွာသွန်းခြင်းကြောင့် ဆောင်းနှမ်းစိုက်သုံးဧကပျက်စီးခဲ့သည့် တောင်သူဦးညွန့်ဝင်းက ပြောကြားသည်။ 

“ဒီလောက်မိုးနဲ့ဆိုရင်တော့ ပုံမှန်ဆိုရင်တော့ မသေနိုင်ဘူး။ နှမ်းကြဲပြီးခါစအချိန် အပင်ရက်သားအရွယ်လောက်မှာ မိုးမရွာလိုက်တာ။ မိုးခေါင်တော့ အစိုဓာတ်မရှိတော့ နှမ်းပင်တွေ ညှိုးကုန်တာ။ မိုးကရွာမယ့်ရွာတော့ ဆက်တိုက်ရွာလိုက်တာဆိုတော့ မိုးခေါင်လို့ ညှိုးနေတဲ့အပင်တွေ မိုးရွာပြီး ရေစိမ်လိုက်သလိုဖြစ်သွားလို့ သေကုန်ကြတာ”ဟု ၎င်းက ဆိုသည်။ 

ဆောင်းနှမ်းမျိုးသည် တစ်တင်းလျှင် ငွေကျပ်ရှစ်သောင်းအထိ ဈေးပေါက်ပြီး တစ်ဧကလျှင် လေးပြည်အထိ ကြဲပက်စိုက်ပျိုးရကြောင်း၊ ဆောင်းနှမ်းစိုက်ပျိုးချိန်မှ ပျက်စီးသည့်အချိန်ထိ ကုန်ကျစရိတ်သည် မျိုးဖိုး၊ ဓာတ်မြေဩဇာဖိုးနှင့် မြက် (ပေါင်း) ရှင်းခ ကုန်ကျစရိတ်သည် တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းအထိ အသုံးပြုထားပြီးဖြစ်သဖြင့် ယင်းစိုက်ပျိုးစရိတ်များဆုံးရှုံးရကြောင်း နှမ်းစိုက်တောင်သူများက ပြောကြားသည်။ 

“အခုမိုးရွာတော့ နှမ်းမှမဟုတ်ဘူး စပါးတို့ ဘာတို့တောင်မှ ရေဝင်နစ်မြုပ်တယ်။ အဲဒါတွေကို ရေဝင်နစ်မြုပ်မှုက ဧက ဘယ်လောက်ပျက်စီးမှုဧကက ဘယ်လောက်ဆိုတာ သိနိုင်ဖို့ ကွင်းဆင်းနေကြတယ်”ဟု ဝက်လက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးလှမိုးကျော်က ပြောဆိုသည်။

R-20