News

POST TYPE

LATEST NEWS POST

ကျေးသီးတွင် ကျပ်သိန်း နှစ်သောင်းသုံးထောင်ကျော်တန်ဖိုးရှိ မူးယစ်ဆေးများဖမ်းမိ
16-Oct-2018

ရန်ကုန်၊ အောက်တိုဘာ ၁၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့တွင် စုပေါင်းတန်ဖိုး ကျပ်သိန်း ၂၃၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို တပ်မတော်စစ်ကြောင်းက ဖမ်းဆီးရမိကြောင်း ယင်းမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှသိရသည်။

နယ်မြေလုံခြုံရေး တာဝန်ကျသည့် တပ်မတော်စစ်ကြောင်းက ကျေးသီးမြို့နယ်မှ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့သို့သွားရာလမ်းတွင် အောက်တိုဘာလ ၁၄ ရက် ညနေပိုင်းက ရှောင်တခင် စစ်ဆေးမှုများပြုလုပ်ရာ ခြောက်ဘီးကားတစ်စီးဖြင့် သယ်ဆောင်လာသော ဘိန်းဖြူ ၈၉ ကီလိုဂရမ်(ခန်းမှန်းတန်ဖိုး ကျပ်သိန်း ၂၂၀၀၀) နှင့် ကစိမ်း (ဘိန်းဖြူ သေးသည့် အဖြူရောင်အမှုန့် ၁၅၀၀ ကီလိုဂရမ်) (ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၁၅၀၀) တို့ဖမ်းဆီးရမိကြောင်း ကျေးသီးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

“ကျွန်တော်တို့ နယ်မြေထဲက လမ်းမှာတင် ဖမ်းမိတာပေါ့။ ယာဉ်မောင်းတစ်ယောက်ပဲ ပါလာတယ်။ ကွင်းဆက်တရားခံကိုတော့ ရဲတပ်ဖွဲ့က ဆက်ပြီးစုံစမ်းဆဲပေါ့”ဟု ယင်းအုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဘိန်းဖြူများ သယ်ဆောင်လာသည့် ယာဉ်မောင်းကို အမှုဖွင့်ဖမ်းဆီးထားပြီး ကွင်းဆက်တရားခံများကို မူး/ယစ် ရဲတပ်ဖွဲ့က ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း ကျေးသီးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှသိရသည်။

J-19