News

POST TYPE

LATEST NEWS POST

လက်ပံတန်းတောင်သူများ ပဲခူးတွင်သပိတ်စခန်းဖွင့်
15-Oct-2018

တောင်ငူ၊ အောက်တိုဘာ ၁၅

ပဲခူးတိုင်း သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် ဘောဓိပင်ကျေးရွာအုပ်စု အပါအဝင် ကျေးရွာလေးရွာခန့်မှ မြေသိမ်းခံတောင်သူများက အောက်တိုဘာ ၁၅ ရက် မွန်းလွဲပိုင်းတွင် ပဲခူးမြို့ရှိ တိုင်းအစိုးရအဖွဲ့ရုံးရှေ့တွင် သပိတ်စခန်းဖွင့်၍ ဆန္ဒဖော်ထုတ်နေကြသည်။

ယင်းကျေးရွာများအတွင်းမှ စီးပွားရေးလုပ်ငန်းရှင် ဦးမောင်မောင်ဋ္ဌေးက ၂၀ဝ၄ ခုနှစ်အတွင်းက သိမ်းဆည်းခဲ့သည်ကို လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီ (ဗဟို)မှ ဆုံးဖြတ်ခဲ့သည့် နစ်နာကြေး တစ်ဧကလျှင် ကျပ်ငါးသိန်းပေးရန် တောင်းဆိုဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း ဆန္ဒပြပွဲ ဦးဆောင်သူ ဦးသိန်းလွင်ကပြောကြားသည်။

အဆိုပါ မြေသိမ်းဆည်းခံတောင်သူ ၃၀ ဦးခန့်သည် အောက်တိုဘာလ ၁၅ ရက် နံနက် ၁၀ နာရီခန့်က စတင်ပြီး သိမ်းဆည်းခံမြေယာများအတွက် နစ်နာကြေးပေးရန်၊ တိုင်းဒေသကြီးအစိုးရနှင့် လွှတ်တော်မှဖြေရှင်းပေးရန် ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်ခဲ့ကြပြီးနောက် မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးရှေ့တွင် သပိတ်စခန်းများ ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။

“ကျွန်တော်တို့ကို ဘယ်သူမှ လာမဖြေရှင်းပေးဘူး၊ နစ်နာကြေးမပေးရင် မြေယာပြန်ပေးဖို့ ကျွန်တော်တို့ တောင်းဆိုနေကြတာပါ၊ ဒါကိုမဖြေရှင်းလို့ ထိုင်သပိတ်လုပ်တာပါ၊ မရမချင်း တောင်းဆိုမှာပါ”ဟု ထိုင်သပိတ်တွင် ပါဝင်သူ အမျိုးသားတစ်ဦးက ပြောကြားသည်။

သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် ဘောဓိပင်ကျေးရွာ အပါအဝင် ကျေးရွာလေးရွာခန့်မှ မြေယာသိမ်းဆည်းခံရသည့် ပြဿနာနှင့်ပတ်သက်ပြီး ဗဟိုလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေး ကော်မတီက ဖြေရှင်းဆုံးဖြတ်ထားသည့် သဘောထားကို တိုင်းအစိုးရအဖွဲ့က ဖြေရှင်းလုပ်ဆောင်ပေးရန် စာဖြင့်သာမက နှုတ်ဖြင့်ပါ အကြောင်းကြားထားပြီဖြစ်ကြောင်း ပဲခူးတိုင်းလွှတ်တော်ဥက္ကဋ္ဌလည်း ဖြစ်သကဲ့သို့ လက်ပံတန်းမဲဆန္ဒနယ် တိုင်းဒေသကြီးအမတ်လည်းဖြစ်သူ ဦးခင်မောင်ရင်က ပြောကြားသည်။

ထိုသို့သပိတ်စခန်းဖွင့် ဆန္ဒထုတ်ဖော်ခြင်းနှင့်ပတ်သက်၍ အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးတစ်ဦးထံ ဖုန်းဖြင့် ဆက်သွယ်စုံစမ်းမေးမြန်းသော်လည်း ယင်းကိစ္စကိုမသိရှိသေးကြောင်း ပြန်လည်ဖြေကြားသည်။

အဆိုပါ ဘောဓိပင်ကျေးရွာအုပ်စု အပါအဝင် အုပ်စုပေါင်း လေးခုမှ မြေယာဧကပေါင်း ၁၃၀ ကျော်ကို ၂၀ဝ၄ ခုနှစ်အတွင်းက လက်ပံတန်းဒေသခံ စီးပွားရေးလုပ်ငန်းရှင် ဦးမောင်မောင်ဋ္ဌေးက ရယူလုပ်ကိုင်ခဲ့ပြီး ခေတ်အဆက်ဆက် အစိုးရများလက်ထက်နှင့် အရပ်သားအစိုးရများလက်ထက်များတွင် အဆင့်ဆင့် တိုင်ကြားခဲ့ပြီးနောက် ယခုအစိုးရလက်ထက် ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေသည့်လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှုပြန်လည်စိစစ်ရေးကော်မတီ(ဗဟို)က နစ်နာကြေးပေးရန် ဆုံးဖြတ်ထားသော်လည်း ယခုအချိန်ထိ နစ်နာကြေးမရသေးကြောင်း မြေသိမ်းဆည်းခံတောင်သူများက ဆိုသည်။

R-15