News

POST TYPE

LATEST NEWS POST

တာချီလိတ်တွင် ကျပ်သိန်း ၂၇၀ တန်ဖိုးရှိ ဘိန်းစိမ်းများဖမ်းမိ
12-Oct-2018



ကျိုင်းတုံ၊ အောက်တိုဘာ ၁၂

ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် ယန်းခေါင်ရွာအနီးတွင် အောက်တိုဘာ ၁၁ ရက် ည ၇ နာရီခန့်က ဆိုင်ကယ်နှစ်စီးဖြင့် သယ်ဆောင်လာသည့် ကျပ်သိန်း ၂၇၀ ခန့်တန်ဖိုးရှိ ဘိန်းစိမ်းများ ဖမ်းဆီးရမိကြောင်း ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“မိုင်းဖြတ်ဘက်ကနေ တာချီလိတ်ဘက်လာတဲ့ တောလမ်းအတိုင်း မောင်းလာတဲ့ ဆိုင်ကယ်နှစ်စီးထံကနေ ဖမ်းမိခဲ့တာပါ။ ပထမတစ်စီးက တစ်စီးထဲစီးလာတဲ့ ညီအကိုနှစ်ယောက်ကို ဖမ်းမိပေမယ့် နောက်တစ်စီးက ညီအကိုနှစ်ယောက်က ဆိုင်ကယ်လဲချပြီး ထွက်ပြေးလွတ်မြောက်သွားတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါဖြစ်စဉ်တွင် ခေယား (ခ) အားယား (၁၇ နှစ်) နှင့် ခေလော်အေ့ (၁၈ နှစ်) တို့ ညီအစ်ကိုနှစ်ဦး စီးနင်းလာသည့် ဆိုင်ကယ်ထံမှ ကျပ် ၁၁၂ သိန်းကျော်တန်ဖိုးရှိ ဘိန်းစိမ်း ၇ ဒသမ ၅ ကီလိုနှင့် ထွက်ပြေးလွတ်မြောက်သွားသည့် ကျခူ (ခ) ဂျေခူ (၂၂ နှစ်) နှင့် ကျုတ်ဖား (ခ) ဂျေဖား (၄၀ နှစ်) တို့ ညီအကိုနှစ်ဦး စီးနင်းလာသည့် ဆိုင်ကယ်ထံမှ ကျပ် ၁၅၇ သိန်းကျော်တန်ဖိုးရှိ ဘိန်းစိမ်း ၁၀ ဒသမ ၅ ကီလို ဖမ်းဆီးရမိခဲ့၍ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဥပဒေများအရ သီးခြားစီ အရေးယူထားကြောင်း တာချီလိတ်မြို့မရဲစခန်းထံမှ သိရသည်။