News

POST TYPE

LATEST NEWS POST

လှိုင်သာယာတွင် ဆိုင်ကယ်ခိုးဂိုဏ်းကို ဖမ်းမိ
12-Oct-2018



ရန်ကုန်၊ အောက်တိုဘာ ၁၁

လှိုင်သာယာမြို့နယ်၊ (၁၆) ရပ်ကွက်၊ ဦးပုညလမ်းတွင် သံဖြတ်ကတ်ကြေးတစ်လက်နှင့်အတူ မသင်္ကာဖွယ်တွေ့ရှိခဲ့သည့် အမျိုးသားနှစ်ဦးကို စစ်ဆေးရာမှ ဆိုင်ကယ်များ လှည့်လည်ခိုးယူနေသည့် ဂိုဏ်းကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

သံဖြတ်ကတ်ကြေး (cutter) တစ်လက်နှင့်အတူ ဆိုင်ကယ်တစ်စီးဖြင့် ရပ်ကွက်ထဲ လှည့်လည်၍သွားလာနေသူ အသက် ၂၆ နှစ် အောင်သက်နှင့် အသက် ၁၉ နှစ် ရဲမင်းဦးတို့ကို စစ်ဆေးခဲ့ရာ ဆိုင်ကယ်နှင့် ပတ်သက်၍ ပိုင်ဆိုင်ကြောင်း အထောက်အထားပြ ပြောဆိုနိုင်ခြင်းမရှိ၍ လှိုင်သာယာမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၈၀/ ကျင့် ၅၄ ဖြင့် အမှုဖွင့်ပြီး ဆိုင်ကယ်ခိုးမှုကျူးလွန်ခဲ့ခြင်း ရှိ မရှိကို စစ်ဆေးဆောင်ရွက်ခဲ့သည်။

ယင်းသို့ စစ်ဆေးဆောင်ရွက်ခဲ့ရာ ၎င်းတို့နှစ်ဦးမှ ယခုနှစ်စက်တင်ဘာလက လှိုင်သာယာမြို့နယ်အတွင်းရှိ နေအိမ်ခြံဝင်းများတွင်ရှိသော မော်တော်ဆိုင်ကယ် ၈ စီးကို သံဖြတ်ကတ်ကြေး အသုံးပြု၍ ခိုးယူခဲ့ကြောင်းနှင့် ခိုးယူရရှိသည့် ဆိုင်ကယ်များကို လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်း ကျေးရွာနေ အသက် ၃၁ နှစ် ခင်မောင်ဝင်းနှင့် အသက် ၃၃ နှစ် ကျော်နိုင်တို့က လက်ခံထုခွဲရောင်းချပေးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

အမှုစစ်ဆေးပေါ်ပေါက်ချက်အရ သက်သေခံပစ္စည်း ဆိုင်ကယ် ၈ စီးကို လိုက်လံသိမ်းဆည်းခဲ့ပြီးနောက် ခိုးမှုကျူးလွန်သူနှင့် ပစ္စည်းလက်ခံထုခွဲရောင်းချပေးသူတို့ကို လှိုင်သာယာမြို့မရဲစခန်းက အမှုများ အသီးသီးရေးဖွင့်၍ အခြားခိုးမှုများ ကျူးလွန်ထားခြင်း ရှိမရှိ ဆက်လက်စစ်ဆေးနေပြီး သက်သေခံအဖြစ် သိမ်းဆည်းထားသည့် ဆိုင်ကယ်များကိုပိုင်ရှင်များအနေဖြင့် လှိုင်သာယာမြို့မရဲစခန်းနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း ရဲတပ်ဖွဲ့က အသိပေးထုတ်ပြန်ထားသည်။

S-03