News

POST TYPE

LATEST NEWS POST

လှိုင်တွင် ဈေးဆိုင်များ၏ အမိုးအဖီများကို စတင်ဖယ်ရှား
12-Oct-2018

ရန်ကုန်၊ အောက်တိုဘာ ၁၁

လှိုင်မြို့နယ်အတွင်းရှိ လမ်းမကြီးများနှင့်ရပ်ကွက်များမှ အချို့လမ်းများပေါ်တွင် ဆောက်လုပ်ထားသည့် စီးပွားဖြစ်ဈေးဆိုင်များ၏ အမိုးအဖီများကို ပြည်သူများနှင့်ပူးပေါင်းကာ အောက်တိုဘာလ ၉ ရက်မှ ညှိနှိုင်းဖယ်ရှားရှင်းလင်းနေကြောင်း လှိုင်မြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ထံမှ သိရသည်။

အဆိုပါ စီးပွားဖြစ်အမိုးအဖီများ ညှိနှိုင်းဖယ်ရှားခြင်းကို ဗဟိုလမ်း၊ အင်းစိန်လမ်း၊ ပါရမီလမ်း၊ ဘုရင့်နောင်လမ်းနှင့် ဘူတာရုံလမ်း စသည့်လမ်းမကြီးများနှင့် ရပ်ကွက်အချို့လမ်းများကို စတင်ဆောင်ရွက်နေပြီး တစ်မြို့နယ်လုံး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လှိုင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်၁မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက ပြောကြားသည်။

“ကျွန်တော်တို့ ပြည်သူတွေကို စည်ပင်သာယာဥပဒေအသစ် ထွက်ရှိလာပြီ။ ဒီဥပဒေအသစ်မှာ ဒါတွေက အမိုးအဖီတွေ မလုပ်ရဘူးပါတယ်။ အဲဒီအတွက် ပြည်သူများက လိုက်နာဆောင်ရွက်ပေးရန် ပို့လိုက်တော့ ပြည်သူတွေက သူတို့ ဟာသူတို့ ဖျက်ပေးကြတယ်။ အခုက တော်တော်များများ ဖျက်ကြတယ်” ဟု ၎င်းကဆိုသည်။

ပညာပေးကာလအနေနှင့် စီးပွားဖြစ်အမိုးအဖီများ ညှိနှိုင်းဖယ်ရှားခြင်းကို ပြည်သူများက ဖျက်သည့်အစီအစဉ် ပြီးပါက မဖျက်သည့်ဆိုင်များကို သတိပေးစာပို့ပြီး စည်ပင်သာယာဥပဒေအသစ်ဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးကျော်ကျော်ထွန်းက ဆိုသည်။

လှိုင်မြို့နယ်တွင် ရပ်ကွက်ပေါင်း ၁၆ ရပ်ကွက်ရှိပြီး ယခုလက်ရှိတွင် အခြေအနေဆိုးသည့်လမ်းမကြီးများနှင့် ရပ်ကွက်အချို့ရှိလမ်းများမှ စီးပွားဖြစ်ဆိုင်များ၏အမိုးအဖီများကို မြို့နယ်စည်ပင်၊ မြို့နယ်ထွေအုပ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများပူးပေါင်းကာ ဖယ်ရှားရှင်း လင်းလျက်ရှိသည်။

J-10