News

POST TYPE

LATEST NEWS POST

တက္ကသိုလ် ၁၆ ခုမှ လက်ရွေးစင်အသင်းများယှဉ်ပြိုင်မည့် ဒိုတာပြိုင်ပွဲကျင်းပမည်
12-Oct-2018

မန္တလေး၊ အောက်တိုဘာ ၁၁

မန္တလေးမြို့တော်၌ တက္ကသိုလ်နှင့် ကောလိပ်ကျောင်း ၁၆ ခုမှ e-Sport အသင်း ၁၆ သင်းပါဝင်မည့် ဒိုတာ (Dota 2) ပြိုင်ပွဲကို အမျိုးသားဇာတ်ရုံ၌ အောက်တိုဘာလ ၁၃ ရက်နှင့် ၁၄ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း ပြိုင်ပွဲဝင် ကျောင်းသားများထံမှ သိရသည်။

ယင်းပြိုင်ပွဲကို မန္တလေးမြို့ရှိ Speed Gaming က စီစဉ်ကျင်းပပေးခြင်းဖြစ်သည်။

“အဓိကတော့ ဂိမ်းကစားတာနဲ့ ပတ်သက်လို့ လူကြီးတွေရဲ့အမြင်ပြောင်းနိုင်အောင် ကျွန်တော်တို့က ကြိုးစားချင်တာ။ လူကြီးတွေက ဂိမ်းဆော့တာဟာ ပျက်စီးနေတဲ့လူငယ်တွေရဲ့ အလုပ်လို့ ထင်တယ်။ ဂိမ်းဆော့နေတဲ့လူငယ်တွေက ပျက်စီးနေတယ်လို့ မြင်ကြတာကိုးဗျ။ ဒီပြိုင်ပွဲကနေတစ်ဆင့် ဂိမ်းကစားရတာကို စိတ်ဝင်စားတဲ့လူငယ်တွေ တံတားတစ်ခုဖြစ်ပြီး လမ်းပွင့်သွားစေချင်တဲ့ဆန္ဒ နဲ့ ဒီပြိုင်ပွဲကို လုပ်ဖြစ်တာ”ဟု အစိုးရ စက်မှုလက်မှုသိပ္ပံကျောင်းသား ကိုကျော်ဇေယျက ပြောကြားသည်။

ယင်းသို့ ၁၆ သင်းအဆင့် ယှဉ်ပြိုင်နိုင်ရန် တက္ကသိုလ်တစ်ခုချင်းစီမှ လက်ရွေးစင်အသင်းရွေးချယ်မှုကို ပြီးခဲ့သည့် စက်တင်ဘာလက ကျင်းပခဲ့သေးသည်။

ယင်းပြိုင်ပွဲတွင် ဂိမ်းပြိုင်ပွဲအပြင် Dota 2 နှင့် ပတ်သက်သည့် ဝတ်စားဆင်ယင်မှု ပြိုင်ပွဲများလည်း ပါဝင်မည်ဖြစ်ကာ ယင်းဂိမ်းနှင့်ပတ်သက်သည့် ဥာဏ်စမ်းပဟေဠိများ မေးမြန်းကာ ဆုချီးမြှင့်ရန် ပွဲကျင်းပသူများက စီစဉ်ထားသည်။

Dota 2 ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များအနေနှင့် ပထမဆုရရှိသည့်အသင်းကို ဆုငွေ ကျပ်ဆယ်သိန်း၊ ဒုတိယအသင်းကို ဆုငွေငါးသိန်း ချီးမြှင့်မည်ဖြစ်ကာ၊ အောက်ဆုံးအဆင့်တွင်ရှိနေသည့် အသင်းများကို အနည်းဆုံး ဆုငွေတစ်သိန်းခွဲမှစတင်ကာ နှစ်သိန်းခွဲအထိ ဆုချီးမြှင့်ပေးမည်ဖြစ်သည်။

“ကျွန်တော်တို့နိုင်ငံမှာက ဒီ e-Sport နဲ့ပတ်သက်ရင် နိမ့်ကျပါတယ်။ ဒီမှာလည်း နိုင်ငံတကာနဲ့ယှဉ်ပြီး ကစားလို့ရမယ့်အသင်း ငါးသင်း ခြောက်သင်းလောက်အထိ ရှိတယ်။ ဒါပေမဲ့ သူတို့ကို အာဆီယံအဆင့် သွားပြိုင်ရင်တောင် သူများနိုင်ငံထက် ခေါင်းတစ်လုံးနိမ့်နေကြတယ်။ အဓိကတော့ ထောက်ပံ့မယ့်သူ မရှိဘူး။ ဖိလစ်ပိုင်နိုင်ငံမှာဆို ကစားသမားတွေကို ကောင်းကောင်းထောက်ပံ့ပေးထားတာမျိုးကြောင့် တော်တော့်ကို တိုးတက်တယ်”ဟု ယင်းပြိုင်ပွဲတွင် ကစားပွဲအစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်မည့် ကိုခန့်ကိုပြည့်သူက ပြောဆိုသည်။

ဂျပန်၊ တရုတ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့တွင် e-Sport များဖြစ်သည့် Dota 2၊ Counter Strike၊ PUBG စသည့် ဂိမ်းများကို ကြီးကျယ်ခမ်းနားသည့် ပြိုင်ပွဲများ ကျင်းပပြုလုပ်နေသော်လည်း မြန်မာနိုင်ငံတွင် e-Sport နှင့် ပတ်သက်သည့် ပြိုင်ပွဲ အနည်းငယ်သာ ကျင်းပနိုင်သေးသည်။ 

M-04