News

POST TYPE

LATEST NEWS POST

ရန်ကုန်-ပုသိမ်လမ်းတွင် အခမဲ့အသုံးပြုနိုင်မည့် အများသုံးသန့်စင်ခန်းများ ထားရှိမည်
11-Oct-2018
ရန်ကုန်၊ အောက်တိုဘာ ၁၀

ရန်ကုန်-ပုသိမ် အဝေးပြေးကားလမ်းတစ်လျှောက်တွင် ပြည်တွင်း၊ ပြည်ပ ခရီးသွားများ အခမဲ့အသုံးပြုနိုင်ရန် အဆင့်မြင့်သန့်စင်ခန်းများထားရှိရန် တိုင်းအစိုးရအဖွဲ့နှင့် ပူးပေါင်း၍ စီစဉ်နေကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ဧရာဝတီ) ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လင်းထွန်းက ပြောကြားသည်။

“အစိုးရအဖွဲ့ကတော့ သဘောတူပြီးပြီ။ ဘယ်နေရာတွေမှာ ထားမလဲဆိုတာကို ဒီရက်ပိုင်း ကွင်းဆင်းပြီးတော့ ဆောင်ရွက်သွားဖို့ရှိတယ်” ဟု ၎င်းက ဆိုသည်။

အဆင့်မြင့် အများသုံးသန့်စင်ခန်းများ အဆင့်မြှင့်ခြင်းကို ရန်ကုန်-ပုသိမ် အဝေးပြေးကားလမ်းတစ်လျှောက်ရှိ စားသောက်ဆိုင် ၇ ဆိုင်နှင့် ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းမှ ဖွင့်လှစ်ထားသည့် စက်သုံးဆီအရောင်းဆိုင်များရှိ သန့်စင်ခန်းများကို အဆင့်မြှင့်၍ အသုံးပြုရန် စီစဉ်ထားကြောင်း ဦးဇော်လင်းထွန်းထံမှ သိရသည်။

ရန်ကုန်-ပုသိမ်အဝေးပြေးလမ်းကို ချောင်းသာ၊ ငွေဆောင်ကမ်းခြေများသို့ သွားရောက်လည်ပတ်သည့် ခရီးသည်များ အများဆုံးအသုံးပြုခြင်းဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားများ အသုံးပြုနိုင်သည့် အဆင့်မြင့်သန့်စင်ခန်းများ လိုအပ်လျက်ရှိကြောင်း ဧည့်လမ်းညွှန်များကဆိုသည်။

ရန်ကုန်-ပုသိမ် အဝေးပြေးလမ်းတစ်လျှောက်ရှိ အခမဲ့အသုံးပြုခွင့်ရသည့် အဆင့်မြင့်သန့်စင်ခန်းများ၏ နေရာများကို ခရီးသွားဧည့်သည်များ သိနိုင်ရန် သတင်းအချက်အလက်များ ဖြန့်ဝေမည်ဖြစ်ပြီး ဗီဇာကင်းလွတ်ခွင့်ကြောင့် တိုးပွားလာမည့်ဧည့်သည်များအတွက် ခရီးသွားလုပ်ငန်း၏ လိုအပ်ချက်ကိုဖြည့်ဆည်းခြင်းဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြား မှုဦးစီးဌာန (ဧရာဝတီ) ခွဲထံမှ သိရသည်။

ဧရာဝတီတိုင်းဒေသကြီးသို့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လကုန်အထိ ပြည်တွင်း၊ ပြည်ပဧည့်သည် ကိုးသောင်းကျော် ဝင်ရောက်ထားကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ဧရာဝတီ) ဌာနခွဲ၏ စာရင်းများအရ သိရသည်။

J-14