News

POST TYPE

LATEST NEWS POST

မကွေးတွင် ရေသပိတ်မှောက်
11-Oct-2018



မကွေး၊ အောက်တိုဘာ ၁၀

နတ်မောက်မြို့နယ်၊ တမလန်းပင်ကျေးရွာ၌ တူးဖော်ပြီးစီးခဲ့သည့် စက်ရေတွင်းအတွက် ရန်ပုံငွေချမပေးသဖြင့် ယင်းဒေသခံများအပါအဝင် ကျေးရွာငါးရွာမှ ဒေသခံ ၅၀၀ ဦးခန့်က မကွေးမြို့တော်ခန်းမရှေ့တွင် အောက်တိုဘာ ၁၀ ရက်နေ့ နံနက်ပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဆိုပါ စက်ရေတွင်းကို နတ်မောက်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူများ၏ ခွင့်ပြုချက်ဖြင့် ကျေးရွာဒေသခံများက ငွေကြေးများကို ချေးငှား၍ ယခုနှစ်မေလက စတင်တူးဖော်ခဲ့ပြီး ယခုအခါ ပြီးဆုံးသွားသော်လည်း ဘတ်ဂျက်မရရှိတော့သည့်အတွက် ငွေကြေးပြန်လည် ပေးဆပ်ရန်အခက်အခဲများဖြစ်ပေါ်နေကြောင်း ယင်းဒေသခံများထံမှ သိရသည်။

ထိုသို့ငွေကြေးချေးငှားကာ တူးခဲ့သော်လည်း ဘတ်ဂျက်ချမပေးတော့သဖြင့် ဒေသခံများကို ငွေကြေးချေးငှားထားသူများက ပြန်လည်ပေးဆပ်ရန် လာရောက်တောင်းဆိုနေကြသဖြင့် ဒေသခံများအတွက် အခက်အခဲများဖြစ်ပေါ်နေကြောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်စိုးကဆိုသည်။

တမလန်းပင်ကျေးရွာက ဒေသခံများက စက်ရေတွင်းရရှိရေးအတွက် မကွေးတိုင်းသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနသို့ တင်ပြခဲ့သော်လည်း ယင်းရွာတွင် စက်ရေတွင်း ၂ တွင်းနှင့် လက်ရှိတူးဖော်ခဲ့သည့် စက်ရေတွင်း ၁ တွင်းရှိသည့်အပြင် ရွာအနီးတွင်လည်း ရေကန် ၁ ခုရှိကြောင်း မကွေးတိုင်းမွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနက ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြခဲ့သည့်အတွက် ဘတ်ဂျက်ချမပေးတော့ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“တမလန်းပင်ရွာမှာ မူလရှိတဲ့တွင်းနဲ့ ရေကန်တွေက ရွာနဲ့အင်မတန်ဝေးတယ်။ တစ်မိုင်ခွဲလောက်ဝေးတဲ့ နေရာတွေမှာရှိတယ်။ ကန်တွေက မိုးတွင်းမှာပဲရေရှိပြီး အရောင်လည်းမကောင်းဘူး၊ သုံးစွဲဖို့မသင့်သလို ကျန်းမာရေးအရမကောင်းဘူးလို့ မြင်တယ်။ စက်ရေတွင်းတွေကလည်း ၁၉၈၀ ခုနှစ်ကတူးခဲ့တာဖြစ်လို့ ပျက်လိုက်၊ ပြင်လိုက်နဲ့ ဒေသခံတွေအတွက် ရေမလုံလောက်ဘူး။ ဒါပေမဲ့ ကျေးလက်ဦးစီးဌာနကတော့ အဲ့ဒီရွာမှာ ရေအရင်းအမြစ်ရှိတယ်ဆိုပြီး သုံးသပ်ချက်နဲ့ တင်ပြလိုက်တာ”ဟု ၎င်းက ဆိုသည်။

အဆိုပါ ဆန္ဒပြပွဲကို ဦးဆောင်သူ ဦးဇော်မင်းထိုက်က “စက်ရေတွင်းတူးပေးဖို့ ကျွန်တော်တို့ထက် နောက်ကျမှတင်တဲ့ တွင်း ၂ တွင်းက ရသွားပြီ။ အမှန်တကယ်လိုအပ်နေတဲ့ ကျေးရွာတွေအတွက် သောက်သုံးရေစက်ရေတွင်းရရှိဖို့ပါ။ ဘတ်ဂျက်မကျသေးတဲ့ စက်ရေတွင်းတွေကို ချပေးဖို့ပါ”ဟု ပြောဆိုသည်။

တမလန်းပင်ကျေးရွာရှိ ရေတွင်းကို ပေ ၉၄၀ အနက်ရေတွင်းနှင့် ရေဂါလန် ၂၀၀၀ ဆံ့အုတ်ကန်ကို ဆောက်လုပ်ခဲ့ကာ ကျပ်သိန်း ၂၀၀ ခန့်ကုန်ကျခဲ့ကြောင်း ယင်းရွာတွင် အိမ်ထောင်စု ၄၁၀၊ လူဦးရေ ၁၀၀၀ ရှိကြောင်း မကွေးတိုင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနထံမှ သိရသည်။

R-23