News

POST TYPE

LATEST NEWS POST

မူဆယ်ကုန်စည်ဒိုင်တွင် စပါးတင်ပို့ရောင်းချခွင့်မရှိကြောင်း စာထုတ်
08-Oct-2018
မန္တလေး၊ အောက်တိုဘာ ၇

မူဆယ်ဆန်စပါးကုန်စည်ဒိုင်တွင် ပြည်ပသို့ ဆန်စပါးတင်ပို့ရောင်းချခွင့်မရှိကြောင်း အဆိုပါကုန်စည်ဒိုင်က အောက်တိုဘာလ ၅ ရက်နေ့ရက်စွဲဖြင့် သတိပေးစာ ထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံသို့ စပါးတင်ပို့ရောင်းချခြင်းသည် တရားမဝင်သောကြောင့် တားမြစ်ရခြင်းဖြစ်ပြီး တရားမဝင်ရောင်းဝယ်ဖောက်ကားနေသူများရှိကြောင်း သတင်းပေးတိုင်ကြားပါက သွင်းကုန်ထုတ်ကုန် ဥပဒေအရ အရေးယူမည်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆန်ကို ပြည်ပသို့ တရားဝင်တင်ပို့ ခွင့်ပြုထားသော်လည်း စပါးကို တင်ပို့ရောင်း ချခွင့်မပေးထားကြောင်း၊ ဥပဒေနှင့်မလွတ်ကင်းသော ရောင်းဝယ်ဖောက်ကားမှုကို ခွင့်မပြုသောကြောင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ဆန်စပါးကုန်စည်ဒိုင် (မူဆယ်) ဒုတိယဥက္ကဋ္ဌ ဦးချမ်းသာဦးက ပြောကြားသည်။

“တရုတ်က ဈေးကောင်းပေးဝယ်တော့ တောင်သူတွေအနေနဲ့ ဈေးကောင်းရတာတော့မှန်တယ်။ အကျိုးဆက်ကတော့ ဆန်စက်တွေမှာ အလုပ်အကိုင်ရှားလာမယ်။ ဖွဲနုနဲ့ ဆန်ကွဲတွေရှားလာပြီး တိရစ္ဆာန်အစားအစာဈေးတွေ မြင့်တက်လာမယ်”ဟု ၎င်းက ပြောဆိုသည်။

ပြည်ပသို့ စပါးတင်ပို့ရောင်းချနေ ခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကလည်း ဝန်ကြီးဌာနထံ တင်ပြထားသောကြောင့် မူဆယ်ကုန်စည်ဒိုင်အနေနှင့်လည်း အသင်းချုပ်၏မူဝါဒအတိုင်း ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်းဖြစ်နိုင်ကြောင်း အောင်ကောင်းမြတ် ဆန်ပွဲရုံပိုင်ရှင် ဦးမိုက်က ပြောကြားသည်။

“စပါးကို ဖွင့်ဖို့၊ ပိတ်ဖို့တော့ မပြောလိုဘူး။ ဖွင့်မှာဆိုလည်း အခွန်ကောက်ပြီး တရားဝင်ဖွင့်ပေးပါ။ ပိတ်မှာဆိုသည်း တရားမဝင်သွားနေတာကို ထိထိရောက် ရောက် တားဆီးပိတ်ပင်ပေးဖို့လိုတယ်”ဟု ၎င်းက ပြောဆိုသည်။

M-08