News

POST TYPE

LATEST NEWS POST

အမြန်လမ်း လူသေဆုံးမှုအများဆုံး ယာဉ်တိုက်မှုမှ ယာဉ်မောင်းလာအဖမ်းခံ
08-Oct-2018

တောင်ငူ၊ အောက်တိုဘာ ၇

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၂၉ အနီးတွင် ဖြစ်ပွားခဲ့သည့် အရိန္ဒမာ ခရီးသည်တင်ယာဉ်နှင့် ကျေးဇူးရှင်ဘုရားဖူးယာဉ်တို့တိုက်မှုမှ ထွက်ပြေးတိမ်းရှောင်နေသည့် အရိန္ဒမာခရီးသည်တင်ယာဉ် မောင်းသည် အောက်တိုဘာလ ၅ ရက်နေ့က  လာရောက်အဖမ်းခံခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

“ယာဉ်မောင်းက တံတားအောက်နားက ထွက်ပြေးတိမ်းရှောင်သွားတာပါ။ ယာဉ်လိုင်းတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းထားတာက လာရောက်အပ်နှံပေးမယ်လို့ ကတိပြုခဲ့တဲ့အတိုင်း လာရောက်အပ်နှံပေးခဲ့တာပါ။ စစ်ဆေးပြီးရင် ဥတ္တရသီရိမြို့နယ် တရားရုံးမှာ တရားစွဲဆိုမှာပါ” ဟု ပန်းတင်အမြန်လမ်းရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အောက်တိုဘာလ ၁ ရက်နေ့ ည ၁၁ နာရီကျော်က အရိန္ဒမာခရီးသည် တင်ယာဉ်က လမ်းဘေးတွင် လေအိတ်ပေါက်၍ ပြင်ဆင်နေသည့် ဘုရားဖူးယာဉ်ကို ဝင်တိုက်ခဲ့သည့်အတွက် ၁၄ ဦးအထိသေဆုံးပြီး ၄၂ ဦးအထိ ဒဏ်ရာရရှိခဲ့သည့် ယာဉ်တိုက်မှုမှာ ရန်ကုန်-မန္တလေးအမြန်လမ်း ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုသမိုင်းတစ်လျှောက် အများဆုံးလူသေဆုံးဒဏ်ရာရမှု ဖြစ်သည်။

ယင်းအမှုနှင့်ပတ်သက်ပြီး ယာဉ်မောင်း ကျော်ငြိမ်းလှိုင် (နေရပ်၊ အသက် စုံစမ်းဆဲ) ကို ပန်းတင်အမြန်လမ်း ရဲတပ်ဖွဲ့စခန်းမှ ယာဉ် (ပ) ၁၃/ ၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၈/ ၃၃၇/ ၂၀၂ အရ အမှုဖွင့်ထားခဲ့ကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

R-15