News

POST TYPE

LATEST NEWS POST

ကျောင်းသူလေးဦးကိုရိုက်သည့် ဆရာမ အမှုဖွင့်ခံရ
03-Oct-2018

တောင်ငူ၊ အောက်တိုဘာ ၃

ပဲခူးတိုင်း တောင်ငူမြို့နယ် ရှမ်းဝါးတီးကျေးရွာ အလယ်တန်းကျောင်းခွဲတွင် တစ်တန်းကျောင်းသူလေးဦးကို ရိုက်၍ အတန်းပြောင်းသင်ကြားနေရသော ဆရာမကို ကျောင်းသားမိဘက ဆဲဆိုမှု၊ ပိုင်နက် ကျူးကျော်မှု ပုဒ်မများဖြင့် အမှုဖွင့်လှစ်လိုက်ကြောင်း ထုံးဘိုနယ်မြေရဲစခန်းထံမှ သိရသည်။

စက်တင်ဘာလ ၂၅ ရက်နေ့က ယင်းကျောင်းခွဲရှိ အတန်းပိုင် ဆရာမ၏ သမီးကို ဘောင်းဘီချွတ်၍ ယင်းဆရာမက ကျောင်းသူလေးဦးကို ရိုက်နှက်ခဲ့သည့်အပြင် ကလေးမိဘများ၏ အိမ်သို့ရန်တွေ့ပြောဆိုခဲ့ မှုများရှိခဲ့သည့်အတွက် တောင်ငူပညာရေးမှူးရုံးမှ ဆရာမကို မူလသင်ကြားနေသည့် ကလေးကို ကျောင်းသို့ ခေါ်မလာရန်၊ ရိုက်နှက် ဆုံးမခြင်းမပြုရန် ခံဝန်ကတိလက်မှတ်ထိုးစေခဲ့သည့်အပြင် မူလတန်းမှ အလယ်တန်းသို့ အတန်းပြောင်း သင်ကြားစေခဲ့သည်။

“သက်ဆိုင်ရာ ပညာရေးဌာနကို ခွင့်ပြုချက်တောင်းခံထားတဲ့ ပြန်စာကျလာရင် စစ်ဆေးချက်ရယူပါမယ်။ လတ်တလော ပြန်စာမရသေးပါဘူး”ဟု ထုံးဘိုနယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါကျောင်းဆရာမသည် စက်တင်ဘာ တတိယပတ်အတွင်းက တစ်တန်းကျောင်းသူတစ်ဦး၏မိဘများကို သစ်ကိစ္စနှင့်ပတ်သက်ပြီး တိုင်ကြားခဲ့ရာမှ သစ်တောဥပဒေဖြင့် အမှုရင်ဆိုင်ခဲ့ရသူ မိသားစုက ၎င်းကို ခြံထဲလာရောက်ဆဲဆိုသည့် ပိုင်နက်ကျုးကျော်သော ပုဒ်မများဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း ထုံးဘိုနယ်မြေ ရဲစခန်းထံမှ သိရသည်။

ထိုသို့ဆရာမကို ဥပဒေကြောင်း တရားစွဲဆိုရန်အတွက် ခရိုင်ပညာရေးမှူးရုံးမှ ခွင့်ပြုချက်စာ ရထားပြီးဖြစ်ပြီး ထုံးဘိုရဲစခန်းသို့လာယူရန် မှာကြားထားပြီးဖြစ်ကြောင်း တောင်ငူမြို့နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

“ကလေးတွေ အကျင့်ပျက်မှာ စိုးရိမ်လို့ဆုံးမခဲ့တာပါ။ ခံဝန်ကတိလည်းထိုးပြီးပါပြီ”ဟု ကျောင်းသားမိဘနှင့် ပြဿနာဖြစ်ပွားကာ လက်ရှိအမှုခွင့်ခံထားရသူ အလယ်တန်းပြဆရာမက ဆိုသည်။

ကျောင်းသားမိဘခြံထဲဝင်ပြီး ဆဲဆိုအော်ဟစ်သည်ဟုဆိုပြီး တောင်ငူ ရှမ်းဝါးတီးကျေးရွာ မူလတန်းလွန်ကျောင်းမှ ဆရာမ ဒေါ်ခင်သီတာထွန်းကို ထုံးဘိုနယ်မြေရဲစခန်းမှ (ပ)၂၇/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၄၄၇ ဖြင့် အမှုဖွင့်လှစ်ထားကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။

R-15