News

POST TYPE

LATEST NEWS POST

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တွဲဖက်အတွင်းရေးမှူး ဦးသန်းနှင့် တွေ့ဆုံခြင်း
03-Oct-2018
“အိမ်ရှေ့မှာရှိတဲ့ မြေတွေက သူတို့ပိုင်တာမဟုတ်ဘူး။ စည်ပင်သာယာပိုင်တဲ့လမ်းမြေဖြစ်တယ်”


၂၀၁၃ ခုနှစ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကို ယခုနှစ်ဇွန်လက ရန်ကုန်တိုင်းလွှတ်တော်က အတည်ပြုခဲ့ပြီး အောက်တိုဘာလ ၁ ရက်တွင် စတင်အသက်ဝင်ပြီဖြစ်သည်။ အဆိုပါ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေ (၂၀၁၈ ခုနှစ်) နှင့်ပတ်သက်၍ မည်သို့အရေးယူ ဆောင်ရွက်မည်ကိုသိရှိနိုင်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တွဲဖက်အတွင်းရေးမှူးဦးသန်းကို The Voice သတင်းစာက ဆက်သွယ်မေးမြန်းထားသည်ကို ကောက်နုတ်ဖော်ပြပါသည်။

Voice : အောက်တိုဘာ ၁ ရက်နေ့မှာ ၂၀၁၈ ခုနှစ် စည်ပင်ဥပဒေအသစ်က စတင်အသက်ဝင်ပြီ ဆိုတော့ စည်ပင်ဥပဒေအသစ်နဲ့ အရေးယူမှုတွေက ဘယ်တော့စတင်မှာလဲ။
UT : ဥပဒေသဘောအရ အသက်ဝင်ပြီလို့ ပြောတဲ့အတွက်ကြောင့် ပညာပေးကာလကလည်း ဆက်ပြီးတော့ လုပ်စရာရှိတာတွေ ဆက်လုပ်ရမယ်။ ဥပဒေ အသက်ဝင်တာက အောက်တိုဘာ ၁ ရက်က စတင် အသက်ဝင်ပေမယ့် အမြဲတမ်းပြောင်းလဲမှုဖြစ်တိုင်းဖြစ်တိုင်း ဒီနေ့ဖမ်းပြီး ထောင်ချလို့ရတဲ့ ကိစ္စတွေမဟုတ်ဘူး။ အောက်တိုဘာလ ၁ ရက် ကစပြီးတော့ စည်းကမ်းဖောက်ဖျက်မှုတွေတွေ့လာရင် ထိုက်သင့်တဲ့ ပြစ်ဒဏ်ကို ဒီဥပဒေအသစ်အတိုင်း အရေးယူဆောင်ရွက်ရမယ်။ ပညာပေးကာလကလည်း ရေရှည်ဆက်ပြီးတော့ လုပ်ရဦးမယ်။ အရေးယူတဲ့အပိုင်းနဲ့ ပညာပေးမှုအပိုင်းက တွဲပြီးသွားနေရမယ်။ တစ်ခါတည်း တစ်ဆစ်ချိုး တိခနဲ ဖြတ်ပစ်လို့မရဘူး။ လမ်းဘေးဈေးသည်လိုကိစ္စမျိုးက တစ်သက်လုံးရှိနေဦးမှာပဲ။ ရသလောက် ရှင်းမယ်။ ရှင်းလို့ရတဲ့သူတွေကို ဥပဒေအသစ်နဲ့ အရေးယူမယ်။ တိတိကျကျအရေးယူမှာက နောက်ဖေးလမ်းကြားလိုဟာမျိုးတွေ၊ ယာဉ်တရားဝင် ကောက်ခံခွင့် မရှိတာတွေ၊ ကောက်ခံတာတွေ၊ တခြားသော ထင်ရှားသော ကိစ္စရပ်ကြီးတွေမှာ တွေ့လာရင် အရေးယူမယ်။ အရေးယူစရာ တရားစွဲစရာ တစ်စုံတစ်ရာပေါ်ပေါက်လာခဲ့ရင် ဒီဥပဒေအရ ကျင့်သုံးမယ်။ တချို့ကိစ္စတွေမှာ ညင်ညင်သာသာကိုင်တွယ်ရမှာရှိတယ်။ တချို့ကိစ္စတွေမှာ အရေးယူရင်း ပညာပေးရင်းနဲ့ ဆက်လုပ်သွားမယ်။ စကိုင်းနက်ရုပ်သံကနေ ပညာပေးဇာတ်လမ်းတွေ ရိုက်ကူးနေတာတွေရှိတယ်။ အဲဒါတွေကို ထုတ်လွှင့်သွားမယ်။ လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်ပြီးတော့ ပညာပေးကဏ္ဍတွေ လွှတ်တော်နားတာနဲ့ ဆက်လုပ်ဖို့ရှိတယ်။

Voice : စည်းကမ်းမဲ့အမှိုက်ပစ်တာတွေ၊ ကွမ်းတံတွေးထွေးတာတွေ၊ လမ်းဘေးပလက်ဖောင်းမှာ ကျူးကျော်ဈေးရောင်းသူတွေကိုရော ဘယ်လိုမျိုး အရေးယူသွားဖို့ရှိလဲ။
UT : အဓိကဥပဒေရဲ့ အနှစ်သာရက ပြည်သူကို အရေးယူချင်လို့မဟုတ်ဘူး။ စည်းကမ်းရှိချင်လို့ ရည်ရွယ်ပြီး ပြဋ္ဌာန်းတာပါ။ အရေးယူမယ်လို့ သိနေရင် ပြည်သူတွေအနေနဲ့ လိုက်နာလိုက်ရင် ပြီးသွားတာပါပဲ။ စည်းကမ်းရှိတဲ့မြို့တော်ကြီး သန့်ရှင်းသပ်ရပ်တဲ့ မြို့တော်ကြီးဖြစ်စေချင်လို့ ဒီဥပဒေကို ပြဋ္ဌာန်းတာပါ။ ပြည်သူကို အသားလွတ်နှိပ်စက်ချင်လို့ ပြဋ္ဌာန်းတာ မဟုတ်ပါဘူး။ ဥပမာ-မြန်မာနိုင်ငံက စင်ကာပူသွားတယ်။ စင်ကာပူလေဆိပ်ရောက်တာနဲ့ ဘယ်သူအမှိုက်ချရဲလဲ။ စင်ကာပူကပြန်လာပြီး ရန်ကုန်လေဆိပ်ရောက်တော့ အမှိုက်ပစ်နေတာတွေရော ဘယ်လိုလုပ်မလဲ။ တကယ်ထိထိရောက်ရောက် အရေးယူတဲ့ဟာမျိုးကျတော့ လိုက်နာတယ်။ ဖောက်ဖျက်လို့ရတဲ့ နေရာမျိုးကတော့ ဖောက်ဖျက်ကြတယ်။ အခုလည်း ပြစ်မှုပြစ် ဒဏ်တွေ သိရှိအောင် ပညာပေးတာကတော့ အချိန်ကာလတစ်ခုအထိ ဆက်တိုက်လုပ်နေရဦးမယ်။ ဒီကြားထဲမှာ မဖြစ်မနေ အရေးယူစရာတွေ တွေ့လာရင် ဒီဥပဒေပါအတိုင်း အရေးယူမယ်။ လမ်းဘေးဈေးသည် လိုဟာမျိုးက တစ်ခါတည်းရှင်းပစ်လို့ရလားဆိုတော့ မရနိုင်ဘူး။ လမ်းဘေးဈေးသည်က တပုံကြီး သူတို့ကို နေရာပေးနိုင်ဖို့ မလုံလောက်ဘူး။ တကယ့်အဓိက လမ်းမကြီးတွေမှာ မရောင်းအောင် ထိန်းသိမ်းမယ်။ လမ်းဘေးဈေးသည်တွေကို  ဒီဥပဒေအတိုင်း တစ်ခါတည်း ဆွဲသိမ်းလို့တော့မရဘူး။ အရေးယူတာကတော့ တရားရုံးမှာ တရားစွဲစရာရှိရင် ဒီဥပဒေအတိုင်း အရေးယူမယ်။

Voice : အရင်ဥပဒေတွေ ထွက်တိုင်းလည်း အရေးယူမှုအပိုင်းတွေက အားနည်းမှုတွေရှိခဲ့တယ်။ ဒီဥပဒေအသစ်နဲ့ အရေးယူမယ်ဆိုတော့ ပြည်သူတွေက ဘယ်လိုမျိုးစောင့်ကြည့်အရေးယူမလဲဆိုပြီး စိတ်ဝင်စားနေကြတယ်။ စည်ပင်ဘက်ကရော အားနည်းမှုမရှိအောင် ဘယ်လိုမျိုးဆောင်ရွက်သွားမလဲ။
UT : ဒီဥပဒေအသစ်က ဖြစ်လာရင် ပြစ်မှုပြစ် ဒဏ်ကများတယ်။ တကယ်လို့ ဖြစ်လာရင် ဒီဥပဒေအရပဲ တရားစွဲတော့မယ်။ အပြစ်ပေးရင်လည်း ဒီဥပဒေပါပြစ်မှုပြစ်ဒဏ်အတိုင်း ပြစ်ဒဏ်ကျခံရမယ်။

Voice : ဥပဒေအသစ်တစ်ခုထွက်တိုင်း ဌာနဆိုင်ရာ တွေ ဝန်ထမ်းတွေအနေနဲ့ လာဘ်စားတာတေရှိနေတော့ ဆရာတို့အနေနဲ့ရော အောက်ခြေက ဝန်ထမ်းတွေကို ဘယ်လိုမျိုးစောင့်ကြည့် အရေးယူသွားမလဲ။
UT : ဝန်ထမ်းပိုင်းအရတော့ ဥပဒေကို ကျင့်သုံးရမယ့်သူလေ၊ ဝန်ထမ်းတွေဖောက်ပြန်ရင် ဝန်ထမ်းတွေကို ပြန်အရေးယူမယ်။ လမ်းဘေးဈေးသည်လိုကိစ္စမျိုးတွေမှာ လမ်းဘေးဈေးသည်တွေ ရောင်းချနေတာ ရှိရဲ့သားနဲ့ ဝန်ထမ်းတွေက ပေါင်းစားနေတယ်လို့ တချို့က ထင်ကောင်းထင်မယ်။ ဒါပေမဲ့ လမ်းဘေးဈေးသည်လိုဟာမျိုးကျတော့ ညင်ညင်သာသာ ကိုင်တွယ်ရမယ့် ပြဿနာမျိုးဖြစ်နေတယ်။ လမ်းဘေးဈေးသည်ဆီက ပိုက်ဆံကောက်ပြီးတော့ ခွင့်ပြုထားတော့ မဟုတ်ဘူး။ သူတို့ကိုလည်း နေရာပေးစရာမရှိဘူး။ တချို့ကျတော့လည်း စားဝတ်နေရေး ကျပ်တည်းနေလို့ ဒီထွက်ပေါက်လေးနဲ့ ကောင်းရောင်းကောင်းဝယ်လုပ်တဲ့အခါမှာ အဓိကကျတဲ့ လမ်းမကြီးတွေ မရောင်းရေးကို တဖြည်းဖြည်းရှင်းရမယ်။ တချို့ခွင့်မပြုချက်မရှိဘဲ အဆောက်အအုံဆောက်တယ်။ ဒါတွေကို ဝန်ထမ်းနဲ့ပေါင်းပြီး ဆောက်တယ်ဆိုရင် ဝန်ထမ်းကို အရေးယူမယ်။ ခွင့်ပြုချက်မဲ့ ဆောက်တာကို မသိချင်ယောင်ဆောင်နေတယ်။ သိရဲ့သားနဲ့ အရေးမယူဘူးဆိုရင်တော့ ဝန်ထမ်းမှာလည်း တာဝန်ရှိတယ်။ ဒါမျိုးတွေ သိသာမြင်သာတဲ့ကိစ္စတွေကို ဥပဒေပါအတိုင်း ဝန်ထမ်းဘက်က ခြွင်းချက်ရှိလည်း ဝန်ထမ်းအရေးယူမယ်။ ကာယကံရှင်ဘက်က မလိုက်နာရင်လည်း ကာယကံရှင်ကို ဥပဒေအရ အရေးယူမယ်။ အဆောက်အအုံဆောက်တဲ့ကိစ္စတွေကျတော့ တိတိကျကျလုပ်လို့ရတယ်။ လမ်းဘေးဈေးသည်တွေနဲ့နှိုင်းရင် ဒီလိုကိစ္စတွေက ဖြတ်ကို ဖြတ်ပစ်ရမယ်။ ဥပဒေတစ်ခုကို ကျင့်သုံးတဲ့အခါမှာ တကယ်လည်း လိုက်နာနိုင်အောင် ထိထိရောက်ရောက်ဖြစ်အောင် ပညာပေးလုပ်ငန်းလုပ်ပြီး အရေးယူမယ်။

Voice : ရန်ကုန်မြို့တွင်း ၆ မြို့နယ်က လမ်းမကြီးတွေနဲ့ အမည်တပ်လမ်းတွေက ယာဉ်ရပ်နားကန့်သတ်ဇုန်တွေမှာ ယာဉ်ရပ်နားခကောက်ခံတာတွေကို အောက်တိုဘာ ၁၀ ရက်နေ့မှာ စလုပ်မယ်ဆိုတော့ ကောက်ခံမယ့်လမ်းမှာနေထိုင်တဲ့ အိမ်ပိုင်ရှင်တွေက သူတို့ကား အိမ်ရှေ့မှာရပ်နားရင် တစ်နာရီ ၂၀၀ ကျပ် ပေးရမယ်ဆိုတော့ အခက်အခဲတွေဖြစ်နေတယ်လည်း ပြောနေတာတွေရော ဘယ်လိုမျိုးဆောင်ရွက်မလဲ။
UT : အိမ်ရှေ့မှာရှိတဲ့ မြေတွေက သူတို့ပိုင်တာမဟုတ်ဘူး။ စည်ပင်သာယာပိုင်တဲ့လမ်းမြေဖြစ်တယ်။ သူတို့မြေနယ်နိမိတ်ထက် ကျူးကျော်ပြီး ပလက်ဖောင်းတောင် သူတို့ပိုင်တာမဟုတ်ဘူး။ သူ့အိမ်ရှေ့တော့ မှန်တာပေါ့၊ သူတို့အိမ်ရှေ့ ရပ်မယ်ဆိုရင်တော့ လပေးနဲ့ဖြစ်ဖြစ် အဆင်ပြေအောင်တော့ ညှိပေါ့၊ ပေးရမှာပဲ။ အစိုးရထုတ်ပေးထားတဲ့ကား ရုံးချိန်အတွင်းမှာ လာရပ်ရင်တော့ ကင်းလွတ်ခွင့်ပေးထားတာရှိတယ်။ အရာရှိတစ်ယောက်က ကိုယ်ပိုင်ကားစီးရင်တော့ သူလည်းပေးရမှာပဲ။ အစိုးရထုတ်ပေးတဲ့ကားစီးလာရင် ကင်းလွတ်ခွင့်ရမယ်။ အိမ်ကားတွေကတော့ မနက် ၈ နာရီ ကနေ ညနေ ၆ နာရီအထိ တစ်နာရီ နှစ်ရာ ကောက်မယ်။ နေ့လယ်ရပ်ချင်ရင်တော့ သူတို့အိမ်ရှေ့ တစ်နာရီနှစ်ရာပေးရမှာပဲ။ ညနေ ၆ နာရီနောက်ပိုင်း ကင်းလွတ်ခွင့်ပေးထားတော့ ရပ်ချင်ရင် ညပိုင်းရပ်ပေါ့။

Voice : ဥပဒေအသစ်နဲ့ စတင်အရေးယူမယ့်ကိစ္စမှာ ပြည်သူတွေက စိတ်ဝင်စားနေတော့ ဆရာအနေနဲ့ စည်ပင်ဥပဒေအသစ်နဲ့ပတ်သက်ပြီး နောက်ဆုံးအနေနဲ့ ဘာများပြောချင်လဲ။
UT : စောင့်ကြည့်ဖို့ဆိုတာကတော့ လက်ရှိရှိတဲ့ ဝန်ထမ်းအင်အားနဲ့ ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် ဝန်ထမ်းပိုင်းကလည်း တိတိကျကျဆောင်ရွက်နိုင်အောင် အကုန်လုံးလည်း ဥပဒေလည်း ကျေညက်အောင်လုပ်ဖို့လိုတယ်။ နောက်ဖေးလမ်းကြားလိုဟာမျိုး အမှိုက်မပစ်အောင် စောင့်ကြည့်ပြီး အရေးယူဖို့ပြောထားတယ်။ နောက်ဖေးလမ်းကြားမှာ စောင့်ကြည့်ဖို့ ဝန်ထမ်းအင်အားရှိလားဆိုတော့ လုံလုံလောက်လောက်မရှိဘူး။ တွေ့တာမြင်တာတွေရှိရင် ပြည်သူတွေဘက်ကလည်း သတင်းပေးဖို့လိုပါတယ်။ ပြည်သူကို ပြည်သူချင်း ပြန်ထိန်းဖို့လိုပါတယ်။ အဓိက မိမိကိုယ်မိမိ တစ်ဦးချင်း စည်းကမ်းလိုက်နာသွားရင် ဘာမှပြဿနာရှိမှာမဟုတ်ဘူး။ ဥပဒေဆိုတာလည်း ဘယ်လောက်ကြီးပြစ်ဒဏ်ချချ ဥပဒေဘောင်အတွင်းက ထိန်းသိမ်းပြီး နေနိုင်မယ်ဆိုရင် ဘာမှကြောက်စရာ မလိုဘူး။ တာဝန်ရှိ YCDC ကတော့ ရှိတဲ့အင်အားနဲ့ တတ်နိုင်သလောက် ထိန်းသိမ်းဆောင်ရွက်သွားမယ်။

သက်သျှိုင်းသူ