News

POST TYPE

LATEST NEWS POST

ရဟတ်ယာဉ်ကွင်းနှင့် ဝန်ထမ်းအိမ်ရာများပါဝင်မည့် တိုင်းရဲတပ်ဖွဲ့မှူးရုံးသစ်ဆောက်မည်
02-Oct-2018
ရန်ကုန်၊ အောက်တိုဘာ ၁

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးကို ယခုလ (အောက်တိုဘာ) မှစတင် ပြီး တိုင်းဒေသကြီး အစိုးရရုံးဝင်းတွင် စတင်တည်ဆောက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက (၅၄) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့သည်။ 

“ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးကို စနစ်တကျထူထောင်ဖို့ ပြင်ဆင်ဆောင်ရွက်နေတယ်။ အခုတည်ဆောက်မယ့် တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးဟာ ရန်ကုန်တိုင်းရဲ့ တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေ စိုးမိုးမှုတွေကို ဆောင်ရွက်ပေးနေသူတွေ စုစည်းရာနေရာတစ်ခုအဖြစ် ပြည်သူရဲ့ ယုံကြည်လေးစားမှုကို ရရှိအောင် ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆိုသည်။ 

ရှင်စောပုလမ်းဘက်သို့ မျက်နှာစာမူပြီး အသစ်တည်ဆောက်မည့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ ပုံစံကို ယခင် တိုင်းရဲတပ်ဖွဲ့မှူးဟောင်း ရဲမှူးချုပ်ဝင်းနိုင် လက်ထက်ကတည်းက ပုံကြမ်းရေးဆွဲခဲ့သည်မှာ နှစ်နှစ်နီးပါးအထိ အချိန်ယူခဲ့ရပြီး ယင်းအဆောက်အအုံတွင် ရဲတပ်ဖွဲ့ဝင်များအတွက် ဝန်ထမ်းလိုင်းခန်းများနှင့် တပ်ဖွဲ့ဝင်များ လေ့ကျင့်ရန် စက်ပစ်ကွင်းများအပါအဝင် အခြားလေ့ကျင့်ရေးကွင်းများ ပါရှိမည်ဖြစ်ပြီး အဆောက်အအုံ အပေါ်ဆုံးထပ်သို့ ရဟတ်ယာဉ် ဆင်းသက်နိုင်မည့်နေရာများ ပါရှိမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။ 

“တည်ဆောက်မယ့် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးအတွက် ဘတ်ဂျက် ဘယ်လောက် သုံးစွဲမယ်ဆိုတာတော့ သေချာမသိရသေးဘူး။ သက်ဆိုင်ရာဘက်က ဒီလထဲမှာ စတင်တည်ဆောက်မယ့် တိုင်းရဲတပ်ဖွဲ့ရုံးအတွက် တင်ဒါခေါ်ယူမယ့် အစီအစဉ်တွေတော့ ရှိတယ်။ အဲဒီအချိန်ကျမှပဲ အသေးစိတ်အချက်အလက်တွေကို အကုန်သိရမှာပါ”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အကြီးတန်းရဲအရာရှိတစ်ဦးက ပြောသည်။ 

ကမာရွတ်မြို့နယ်၊ ကျွန်းတောလမ်းရှိ မူးယစ်ဆေးဝါးပြတိုက်တွင် ကျင်းပခဲ့သော (၅၄)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အခမ်းအနားတွင် မိန့်ခွန်းပြောကြားခဲ့သည့် ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ရဲတပ်ဖွဲ့နှင့် အထွေထွေအုပ်ချုပ်ရေးဌာနကြား ဟန်ချက်ညီညီ ပေါင်းစပ်၍ လူထုနှင့်အတူ ပူးပေါင်းကာ ရန်ကုန်မြို့ရှိ ပြည်သူလူထု၏ အသက် အိုးအိမ် စည်းစိမ် လုံခြုံရေးကို အကာအကွယ်ပေးနိုင်ရေး အရှိန်မြှင့်တင် ဆောင်ရွက်သွားရန်နှင့် မြို့နယ်အနှံ့တွင် CCTV ကင်မရာများ တပ်ဆင်ပြီး တပ်ဖွဲ့ဝင် အင်အားနည်းပါးသည့် ရဲတပ်ဖွဲ့အနေနှင့် နည်းပညာစွမ်းအား အကူအညီရယူ၍ မှုခင်းကျဆင်းရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်သွားနိုင်ရန် ပြင်ဆင်ထားကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ 

အောက်တိုဘာလ ၁ ရက်နေ့က ကျင်းပခဲ့သည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ၃၂၉ ဦးကို ဆုချီးမြှင့်ခဲ့ရာတွင် ရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့သည့် လှိုင်သာယာမှ သေနတ်သမားအဖွဲ့ကို အချိန်မီ ပိတ်ဆို့ဖမ်းဆီးရရှိမှု၊ လှိုင်သုံးလောင်းပြိုင် လူသတ်မှုမှ ကျူးလွန်သူကို ဖော်ထုတ်ဖမ်းဆီးရရှိမှု၊ FDA ဝန်ထမ်းအမျိုးသမီး တစ်ဦးကို မုဒိမ်းကျင့်သတ်ဖြတ် အလောင်းစွန့်ပစ်ခဲ့သူကို ဖော်ထုတ်ဖမ်းဆီးရရှိမှု၊ ရွှေပြည်သာတွင် နေ့ခင်းကြောင်တောင် မိန်းကလေးတစ်ဦးကို ဓားထောက်ပြန်ပေးဆွဲ ခေါ်ဆောင်သွားသူကို ဖမ်းဆီးရရှိမှု စသည့် လူအများစိတ်ဝင်စားခဲ့သော မှုခင်းဖြစ်စဉ်များကို ဖော်ထုတ်နိုင်ခဲ့သော ရဲတပ်ဖွဲ့ဝင် ၃၀၀ ဦး ပါဝင်ခဲ့ပြီး တပ်ဖွဲ့နှင့်ပူးပေါင်း၍ ရပ်ရွာအခြေပြုလုပ်ငန်းစဉ်များကို စွမ်းစွမ်းတမံ ဆောင်ရွက်ပေးနိုင်ခဲ့သော ရပ်/ကျေး အုပ်ချုပ်ရေးမှူး ၁၈ ဦးတို့ ပါဝင်ခဲ့သည်။ 

S-03



  • VIA