News

POST TYPE

LATEST NEWS POST

မကွေးတိုင်း မြို့ဝင်ကြေး ကောက်ခံမှုရပ်ဆိုင်း၊ မြို့ဝင်ကြေး ကောက်သည့်နေရာများ ဖျက်သိမ်း
01-Oct-2018


မကွေး၊ အောက်တိုဘာ ၁

မကွေးတိုင်းဒေသကြီးအတွင်း ကောက်ခံနေသည့် မြို့ဝင်ကြေးကောက်ခံမှုကို အောက်တိုဘာလ ၁ ရက်နေ့မှ စတင် ရပ်ဆိုင်းလိုက်သည့်အတွက် မြို့ဝင်ကြေး ကောက်ခံသည့်နေရာများအားလုံး ဖျက်သိမ်းနေကြပြီဖြစ်ကြောင်း ယင်းတိုင်းလွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဟန်က ပြောကြားသည်။

၂၀၁၈ ဇူလိုင်လ ၃၁ ရက်နေ့ကကျင်းပသည့် တိုင်အစိုးရအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့မှစတင်ပြီး မကွေးတိုင်းအတွင်းရှိ မြို့နယ်အသီးသီးတွင် ကောက်ခံနေသည့် မြို့ဝင်ဘီးကောက်လုပ်ငန်းများအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှ စတင်ဖျက်သိမ်းကြောင်း တိုင်းအစိုးရဖွဲ့၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ပြည်သူတွေ သွားရေးလာရေး အနှောင့်အယှက်ကင်းသွားတာပေါ့။ အရေးပေါ် သွားလာချင်တဲ့သူတွေအတွက် ကောင်းသွားတယ်။ အခွန်ငွေအနေနဲ့ကတော့ ကျန်တဲ့ပုံစံနဲ့ကောက်လည်း ရတာပဲ။ လိုင်စင်သက်တမ်းတိုးတဲ့ အခါကောက်လည်းရပါတယ်”ဟု ဦးမင်းဟန်က ပြောဆိုသည်။

“အခုလိုဖျက်သိမ်းလိုက်တာ ယာဉ်ပိုင်ရှင်တွေအတွက် ကောင်းတာပေါ့။ ၂၀၀ ကောက်တဲ့ဂိတ်ရှိသလို၊ ၃၀၀ ကောက်တဲ့ဂိတ်လည်းရှိတယ်။ တချို့ဂိတ်တွေက သတ်မှတ်နှုန်းအတိုင်း မကောက်ကြဘူး။ သိနေတော့ စိတ်အနှောင့်အယှက် ဖြစ်ရတယ်။ မြို့ဝင်ဘီးခွန်ကို လိုင်စင်ဝင်မှ ကောက်လည်းရတယ်”ဟု မကွေးမြို့၊ ဆားစည့်ရပ်ကွက်မှ ဦးရွှေပွားကဆိုသည်။

မကွေးတိုင်းဒေသကြီးတွင် မြို့ဝင်ကြေးဘီးကောက်လုပ်ငန်းများမှ မကွေးတစ်မြို့တည်းပင် နှစ်စဉ် အခွန်ငွေ ကျပ်သိန်း ၃၀၀၀ ကျော်ရရှိခဲ့ကြောင်း မကွေးမြို့နယ် စည်ပင်သာယာရေး အဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။

R-23